ဆီဆိုင်၊ ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပအိုဝ်းဒေသခံ အမျိုးသမီး နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဇန်နဝါရီ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆီဆိုင်မြို့နယ် ဖြီကျွတ်ကျေးရွာကို ဂျက်ဖိုက်တာလေယာဉ်နဲ့ ၄ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ယာကနေ ပြန်လာတဲ့ ပအိုဝ်းဒေသခံ အမျိုးသမီးသုံးဦးထဲက သားအမိနှစ်ဦးဟာ အခင်းဖြစ်ပွားရာ နေရာမှာပဲ သေဆုံးခဲ့ပြီး ကျန်အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ နေ့စဉ်လိုလို ရှမ်းပြည်တောင်ပိုင်းရှိ ပအိုဝ်းကျေးရွာတွေကို လက်နက်ကြီးအပြင် ဒရုန်း ဗုံးကြဲချ တိုက်ခိုက်ခြင်းတွေကို ပြုလုပ်နေတာကြောင့် ပအိုဝ်းဒေသခံတွေ ထိခိုက်သေဆုံးတာနဲ့ နေအိမ်ပျက်စီးတာတွေ ရှိနေတာပါ။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာလည်း စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PLNO ရဲ့ ဌာနချုပ်ကို ဂျက်ဖိုတာလေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PNLA