ဘုတ်ပြင်း၊ ဇန်နဝါရီ ၁၃
တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၅၅၉ တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်း တပ်သားနှစ်ဦး လက်နက်နဲ့အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဒေါနတပ်ရင်းက ဇန်နဝါရီ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားနှစ်ဦးဟာ တပ်သား စန်းထွန်းအောင်၊ တပ်သား အောင်မျိုးကျော်တို့ ဖြစ်ပြီး ဇန်နဝါရီ ၁၁ ရက်နေ့က ဒေါနတပ်ရင်းထံ လက်နက်နဲ့ အလင်းဝင်ရောက်လာခဲ့တာပါ။
“ကျွန်တော်တို့က သင်တန်းကာလကတည်းက ထွက်ပြေးဖို့ကြိုးစားနေတာပါ။ အမြဲဒီကထွက်သွားဖို့ပဲ စဉ်းစားထားတဲ့အတွက် အခု ကင်းချိန်မှာ အလစ်ရတာနဲ့တစ်ပြိုင်တည်း ချိတ်ဆက်ပြီး ထွက်လာတာပါ” လို့ တပ်သား အောင်မျိုးကျော်ရဲ့ ပြောကြားချက်ကို ဒေါနတပ်ရင်းက ဖော်ပြထားပါတယ်။
စစ်မှုထမ်းတပ်သားနှစ်ဦးဟာ မွန်ပြည်နယ် သံဖြူဇရပ်အခြေစိုက် အမှတ်(၁၂ ) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းရဲ့ သင်တန်းအပတ်စဉ် (၅)ဆင်း တပ်သားတွေ ဖြစ်ပါတယ်။
စစ်မှုထမ်း ဥပဒေကြောင့် အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူတွေအပါအဝင် ပြည်သူဘက်ရပ်တည်လိုတဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲတွေထံ ချိတ်ဆက်အလင်းဝင်နိုင်တယ်လို့ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒေါနတပ်ရင်း