မော်လမြိုင် ၊ ဇန်နဝါရီ ၁၁
၂၀၂၄ တစ်နှစ်တာအတွင်း နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၈၂ မြို့နယ်မှာ အင်အာနက်ဖြတ်တောက်မှုအကြိမ်ပေါင်း ၁၃၀ ကျော် ကြုံတွေ့ခဲ့ရတယ်လို့ မြန်မာအင်တာနက်ပရောဂျက် MIP က ဇန်နဝါရီ ၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
အင်အာနက်ဖြတ်တောက်ခံရတဲ့ ဒေသတွေထဲမှာ ကချင်နဲ့ ရခိုင်က တစ်နှစ်အတွင်း ပြည်နယ်တစ်ခုလုံးမှာ အင်တာနက်ဖြတ်တောက်ခံခဲ့ရပြီး ကျန်တဲ့ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ ချင်း၊ ရှမ်း၊ ကရင်နဲ့ မွန်တို့လည်း ပါဝင်ပါတယ်။
ချင်းမှာတော့ ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဟားခါးမြို့ကလွဲရင် ပြည်နယ်တစ်ခုလုံး အင်တာနက်ဖြတ်တောက်ခံခဲ့ရပြီး ရှမ်းမြောက်က စစ်ကောင်စီလက်လွှတ်ခဲ့ရတဲ့ မြို့နယ်တွေမှာလည်း အင်တာနက်ဖြတ်တောက်မှုတွေ ကြုံတွေ့ခဲ့ရတာပါ။
စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့မှုပြင်းထန်တဲ့ စစ်ကိုင်း၊ မကွေး ၊မန္တလေးနဲ့ ကရင်က မြို့နယ်တချို့မှာ အင်တာနက်ဖြတ်တောက်ခံခဲ့ရပြီး မွန်နဲ့ တနင်္သာရီက မြို့ နယ်တချို့မှာလည်း ဆက်သွယ်ရေး ဖြတ်တောက်ခံရတဲ့ ဖြစ်စဉ်တချို့ ရှိခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ဒီအတွက်ကြောင့် ပဋိပက္ခဒေသအတွင်းနေထိုင်သူတွေဟာ သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ မရရှိတာတွေကြောင့် အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရသလို ကုန်ဈေးနှုန်းကြီးမြင့်လာတာ၊ ကျန်းမာရေး၊ လူမှုရေးနဲ့ ပညာရေးကဏ္ဍတွေပါ ထိခိုက်လာရတယ်လို့ ဖော်ပြထားပါတယ်။
တစ်ဘက်မှာ စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် မေ ၃၀ ရက်နေ့မှာ VPN အသုံးပြုမှုတွေကို တိုးမြှင့်ပိတ်ပင်ခဲ့ပြီး စစ်ဆေးရေးဂိတ်တွေမှာ ဖုန်းထဲက VPN တွေပါ စစ်ဆေးကာ တွေ့ရှိရင်တော့ ငွေညှစ်ဖမ်းဆီးတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် အွန်းလိုင်းပေါ်ကနေ စစ်ကောင်စီကို ဝေဖန်ပြောဆိုရေးသားမှုတွေအပေါ် လစဉ်စောင့်ကြည့်တာတွေ ပြုလုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်း အရပ်သားပြည်သူ ၃၇၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ မြန်မာအင်တာနက်ပရောဂျက်က ဆိုပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာမှာ ထုတ်ပြန်ခဲ့တဲ့ Freedom House ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ အင်တာ နက်လွတ်လပ်ခွင့်ဟာ အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိနေပြီး တရုတ်နိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်နဲ့ ထပ်တူညီ ဖော်ပြခံခဲ့ရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ