နေပြည်တော် ၊ ဇန်နဝါရီ ၉
နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကြောင့် အဆောက်အအုံသစ် တည်ဆောက်ပါက ဆိုလာစနစ်တပ်ဆင်ဖို့နဲ့ ပိုလျှံလျှပ်စစ်ကို National Grid ထဲ ပေးသွင်းနိုင်ဖို့အတွက် ဥပဒေ၊ အမိန့်ကြော်ငြာစာတွေ ထုတ်ပြန်သွားမယ်လို့ စစ်ကောင်စီဘက်က ပြောလာပါတယ်။
ဇန်နဝါရီ ၇ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဖွံဖြိုးရေး ကော်မရှင် အစည်းအဝေးအတွင်း ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောဆိုလာတာ ဖြစ်ပါတယ်။
လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကြောင့် မိမိတို့နိုင်ငံအနေနဲ့ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ နည်းတူ Renewable Energy အား အကျိုးရှိ ထိရောက်အောင်အသုံးချဖို့ အဆောက်အအုံသစ် တည် ဆောက်ပါက ဆိုလာတပ်ဆင်ဖို့ နဲ့ ပိုလျှံလျှပ်စစ် National Grid ထဲပေးသွင်းရမယ်လို့ ပြောဆိုခဲ့တာပါ။
ဒါ့အပြင် လျှပ်စစ်အတွက် ဧရာဝတီမြစ်အတွင်း အနိမ့်တမံတွေ တည်ဆောက်ပြီး လျှပ်စစ်ထုတ်ယူနိုင်တဲ့နေရာ ၁၆ ခု ရှိပြီး ဦးစားပေးလေးနေရာအနက်မှ အသင့်လျော်ဆုံးတစ်နေရာကို အမြန်ဆုံးအ ကောင်အထည်ဖော် ဆောင်ရွက်ရမယ်လို့ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောပါတယ်။
လက်ရှိမှာတော့ လျှပ်စစ်ဓာတ်အား တစ်ရက်ပျမ်းမျှထုတ်လုပ်နိုင်မှုရဲ့၅၀ ရာခိုင်နှုန်းဖြစ်တဲ့ ၂၂၀၀ မဂ္ဂါဝပ်သာ ဓာတ်အားထုတ်လုပ်နိုင်တာကြောင့် နိုင်ငံတဝန်းကို လျှပ်စစ်ဓာတ်အား အလှည့်ကျစနစ်နဲ့ ဓာတ်အားဖြန့်ဝေပေးသွားမယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။
လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးရာမှာလည်း ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းကို ၄၈ ရာခိုင်နှုန်း၊ မန္တ လေးတိုင်းကို ၁၇ ရာခိုင်နှုန်းနဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တွေကိုတော့ ၃၅ ရာခိုင်နှုန်းသာ အချိုးကျ ပေးဝေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကတော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု လျော့ကျလာရတာဟာ ဓာတ်အားလိုင်းတွေ မိုင်းခွဲဖျက်ဆီးခံရတာ၊ သဘာဝဓာတ်ငွေ့ရရှိမှု နည်းပါးလာတာ၊ သဘာဝဘေးကြောင့် ဓာတ် အားထုတ်လုပ်တဲ့ စက်ရုံတွေ မပြင်နိုင်သေးတာကြောင့် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ