မော်လမြိုင် ၊ ဇန်နဝါရီ ၉

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး လက်နက်ကိုင်တိုက်ပွဲ လေးနှစ်ပြည့်လုချိန်မှာ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ် ဦးတည်ဖို့ ပြည်တွင်းက အင်အားစုတချို့နဲ့ အနောက်အုပ်စုအပါအဝင် နိုင်ငံ တကာအဖွဲ့အစည်းတွေ တိုက်တွန်းလာကြပါတယ်။

အခုနှစ်ဆန်းပိုင်းမှာ ကျော်စောခဲ့တဲ့ ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုတွေရဲ့ ငွေဆောင်ဆွေးနွေးပွဲဟာ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ရောက်တဲ့နေရာမှာရပ်တန့်ပြီး နိုင်ငံရေးဆွေးနွေးဖို့ဆိုတဲ့ အချက်တွေ တွန်းတင်လာပါတယ်။

သဘောတူညီချက်တွေထဲမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်ဖို့ နိုင်ငံတကာရဲ့ အကူအညီတွေလိုအပ်သလို နိုင်ငံရေးဆွေးနွေးပွဲတွေကို အချိန်ကာလသတ်မှတ်ဖို့ လိုအပ်တယ်ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။

နိုင်ငံတကာအစိုးရတွေကလည်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းအဆုံးသတ်ဖို့ စစ်ကောင်စီနဲ့ လက်နက်ကိုင်အဖွဲ့တွေအားလုံးကို ဇန်နဝါရီ ၆ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး တိုက် တွန်းလာတာပါ။

ကြေညာချက်ကိုတော့ ဥရောပသမဂ္ဂအပါအဝင် အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ ကိုရီးယား၊ ဆွစ်ဇာလန်၊ တီမောလက်စ်တေနဲ့ UK အစိုးရတို့ ပူးတွဲပါဝင်တာ တွေ့ရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးက စစ်အာဏာရှင်တွေရဲ့ သဘောသ ဘာဝကို အကောင်းဆုံးနားလည်တဲ့အပေါ်မှာ နိုင်ငံရေးကိစ္စ လုံးဝဆွေးနွေးစရာအကြောင်းမရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ ဆွေးနွေးမှာက ဒီစစ်တပ်ကို ဘယ်လိုပုံစံနဲ့ပြောင်းလဲသွားမယ်။ စစ်တပ်ဟာ ပြည်သူတွေကို အကာအကွယ်ပေးရမယ့် စစ်တပ်ဖြစ်ရမယ်။ ပရောဖက်ရှင်နယ်စစ်တပ်တစ်ခု ဖြစ်လာရမယ်။ အရပ်သားတွေရဲ့ အုပ်ချုပ်မှုအောက်မှာ တကယ့်ကိုပြည်ပရန်ကိုသာ ကာကွယ်ပေးတဲ့ စစ် တပ်တစ်ခုဖြစ်ရမယ်ဆိုတဲ့ဟာကို ကျွန်တော်တို့ သေချာဆွေးနွေးပြီး ပြုပြင်ပြောင်းလဲမှု လုပ်သွားမှာဖြစ်တယ်။ အဲဒါကြောင့်မို့ ပြုပြင်ပြောင်းလဲရေးကို တကယ်လိုချင်တဲ့ တပ်မှူးတပ်သားတွေကို ကျွန်တော်တို့ ဖိတ်ခေါ်တယ်။ သူတို့နဲ့တကယ်ဆွေးနွေးချင်တယ်။ ရှင်းရှင်းပြောရမှာကတော့ နိုင်ငံ ရေးကိစ္စ လုံးဝဆွေးနွေးစရာ အကြောင်းမရှိဘူး။ စစ်တပ်က စစ်တပ်လိုနေရမယ်။ အဲဒါပဲ ပြောချင်တယ်ခင်ဗျ”လို့ ဆိုပါတယ်။

ပူးတွဲကြေညာချက်မှာတော့ ပိုမိုဆိုးဝါးလာနေတဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အ ကျပ်အတည်းအပေါ် အလွန်အမင်းစိုးရိမ်ပူပန်ပြီး စစ်ကောင်စီက မြန်မာပြည်သူတွေအပေါ် ဆက် လက် အကြမ်းဖက်မှုနဲ့ဖိနှိပ်နေမှုဟာ လက်ခံနိုင်စရာမရှိဘူးလို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး စစ်မှန်ပြီး အပြုသဘောဆောင်တဲ့ အားလုံးပါဝင်ခွင့်ရှိတဲ့ ဆွေးနွေးပွဲတွေ လုပ်ဖို့ ဆက်လက်အားပေး ထောက်ခံတယ်လို့ နိုင်ငံတကာအစိုးရတွေက ဆိုပါတယ်။

မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက လက်ရှိအခြေအနေဟာ အာဏာ သိမ်းစနဲ့ မတူတဲ့အပြောင်းအလဲတွေရှိသွားတဲ့အတွက် အာဏာတည်ဆောက်မှုအရ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတူညီတော့ဘူးလို့ သုံးသပ်ပါတယ်။

“လေးနှစ်တာကာလအတွင်းမှာ လွှမ်းမိုးအုပ်ချုပ်နိုင်မှုအတိုင်းအတာ အထူးသဖြင့် ပါဝါအာဏာ တည်ဆောက်နိုင်မှု အတိုင်းအတာအရလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာ မတူတော့ဘူး။ ၂၀၂၁ အာ ဏာသိမ်းစ အခြေအနေနဲ့ အခုလေးနှစ်ကြာသွားတဲ့အခြေအနေမှာ မတူတဲ့ပြောင်းလဲမှုတွေက အ များကြီးရှိသွားတဲ့အချိန်မှာ တချို့တွေက ဆွေးနွေးဖို့သင့်တယ်လို့ စဉ်းစားကြတယ်။ ဆွေးနွေးလို့ရပြီလို့ စဉ်းစားတဲ့အဖွဲ့တွေ ရှိလာတယ်။ တချို့ကတော့ ဆွေးနွေးလို့မရနိုင်သေးဘူး။ ဘယ်တော့မှ မဆွေးနွေးဘူးဆိုတဲ့ အနေအထားမျိုးကို ဆက်ပြီးတော့ ငြင်းဆိုနေတဲ့အဖွဲ့လည်း ရှိနေသေးတယ်” လို့ ဆိုပါတယ်။

အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲဖြစ်လာဖို့ အခြေအနေမရှိသေးပေမယ့် ဆွေးနွေးဖို့ အဆင်သင့်ဖြစ်ပြီဆိုတဲ့ အစုအဖွဲ့တွေရဲ့ ဆွေးနွေးမှုအပေါ် မူတည်ပြီး ကျန်တဲ့အစုအဖွဲ့တွေမှာ လွှမ်းမိုးနိုင်စရာရှိသွားလိမ့်မယ်လို့ ထောက်ပြပါတယ်။

စစ်တပ်ကို အလဲလဲအပြိုပြိုဖြစ်စေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအပါအဝင် ရခိုင်စစ်မျက်နှာအသာစီးရမှုတွေကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့ကတော့ တရုတ်ဖိအားနဲ့အတူ နိုင်ငံရေးဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ကြေညာထားတာပါ။

စစ်ကောင်စီကလည်း အရေးနိမ့်မှုတွေ ရင်ဆိုင်နေရချိန်မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ မကြာခဏဖိတ်ခေါ်နေပြီး တော်လှန်ရေးအဖွဲ့တွေကို လက်နက်စွန့်ခိုင်းကာ နိုင်ငံရေးဆွေးနွေးဖို့ အထက်စီးက ကမ်းလှမ်းခဲ့ပါတယ်။

ဒီအတွက် လက်နက်ကိုင်ပဋိပက္ခတွေနဲ့ သဘောထားကွဲလွဲမှုတွေကို ဥပဒေနဲ့အညီ ထိန်းသိမ်းဆောင် ရွက်သွားဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်ရှုံးနေတဲ့ စစ်ကောင်စီက နိုင်ငံရေးဆွေးနွေးဖို့ ပြောလာတာကို နိုင်ငံတကာအစိုးရတွေကလိုက်ပြီး ထောက်ခံပြောဆိုနေတာလို့ သုံးသပ်ပါတယ်။

“စစ်ကောင်စီက စစ်ရှုံးလာတော့ နိုင်ငံရေးကိစ္စတွေ နိုင်ငံရေးအရ ဆွေးနွေးရအောင် ပြောလာတာပါ။ အဲဒါကို သူတို့က (နိုင်ငံတကာအစိုးရ) လိုင်းဝင်ပြီးတော့ သူတို့ကလည်း အဲဒါကိုထောက်ခံပြော ဆိုနေတာပေါ့ဗျာ။ ဒါပေမယ့် စစ်ကောင်စီဟာ တစ်ဘက်က အကြမ်းဖက်တိုက်ခိုက်မှုတွေ အရင်ကထက်ပိုပြီး တိုးလုပ်လာတယ်။ အဲဒီလိုအခြေအနေမှာ ဘာဆွေးနွေးပွဲမှလုပ်ဖို့ ကျွန်တော်တို့ ပြည်သူ လူထုဘက်ကရော စစ်ကောင်စီဘက်ကရော သဘောထားမရှိပါဘူး။ စစ်ကောင်စီကစစ်ရှုံးလို့ အဲဒီစကားကိုပြောနေတာ” လို့ ဆိုပါတယ်။

နိုင်ငံတကာအစိုးရတွေကတော့ ပဋိပက္ခကိုရပ်တန့်ဖို့ တင်းမာမှုတွေကို ဖြေလျှော့ဖို့နဲ့မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းတဲ့ ၂၀၂၂ ခုနှစ်ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ဆုံး ဖြတ်ချက်အမှတ် ၂၆၆၉ ကို အကောင်အထည်ဖော်ဖို့ ထပ်မံတိုက်တွန်းလာတာပါ။။

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ အာဆီယံဥက္ကဋ္ဌနဲ့ အထူးကိုယ်စားလှယ်အပါအဝင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တွေရဲ့ ကြိုးပမ်းမှုတွေကို အပြည့်အဝထောက်ခံတယ်လို့ ကြေညာချက်မှာ ထပ်ပြောထားပါတယ်။

စစ်ကောင်စီအနေနဲ့ တစ်နိုင်ငံလုံးရှိ မြို့နယ်စုစုပေါင်းရဲ့ ၃၂ ရာခိုင်နှုန်းသာ စိုးမိုးအုပ်ချုပ်နိုင်တော့တယ်လို့ ဇန်နဝါရီ ၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.