ဖာပွန်၊ ဇန်နဝါရီ ၉

ကရင်ပြည်နယ် ဖာပွန်ခရိုင် ကတိုင်တိဒေသမှာ KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ တစ်ပတ်ကျော်လာတဲ့အထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာရောက်ပစ်ကူပေးခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဖာပွန်ခရိုင် ကမမောင်း-ဖာပွန်လမ်းပေါ် ကတိုင်တိကျေးရွာမှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင် စီတပ်ရဲ့ ကတိုင်တိစခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ကစပြီး ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တို့က စတင်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တာပါ။

ကမမောင်း-ဖာပွန်လမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စခန်းတွေဖြစ်ကြတဲ့ ကူးဆိပ်၊ မထော၊ တောင်သုံးလုံး၊ ဆင်စွယ်စခန်းတို့ကို KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက် ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် အဲဒီစခန်းတွေရဲ့ အောက်ဘက်မှာရှိတဲ့ ကတိုင်တိစခန်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

ကတိုင်တိတိုက်ပွဲဟာ ဇန်နဝါရီ ၈ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က မကြာခဏဆိုသလို လေကြောင်းနဲ့ လာရောက်ပစ်ကူပေးနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်း မြစ်တွေကနေ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒိုကတော့ ကတိုင်တိဒေသမှာ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး မြေပြင်အခြေအနေအသေး စိတ် မသိရသေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကတိုင်တိတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က စစ်သားအချို့ ထွက်ပြေးတာတွေရှိသလို ထိ ခိုက်သေဆုံးတာတွေလည်းရှိနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကနေ သိရပါတယ်။

ကတိုင်တိစခန်း တိုက်ခိုက်သိမ်းပိုက်မခံရဖို့အတွက် စစ်ကောင်စီတပ်ဟာ လေကြောင်းပစ်ကူနဲ့ အ ဆက်မပြတ် လာရောက်ပစ်ကူပေးနေသလို မြေပြင်ကနေလည်း စစ်ကူစစ်ကြောင်းတွေ ပို့ဆောင်နေတာပါ။

ကတိုင်တိတိုက်ပွဲကြောင့် ကတိုင်တိကျေးရွာအပါအဝင် ဘောကြိုလယ်၊ ဘောကြိုထ၊ နိုဖောထီး စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူလူထု ၁၀၀၀ နီးပါးဟာ ကမမောင်း၊ မြိုင်ကြီးငူဒေသနဲ့ KNU တပ်မဟာ ၁ နယ်မြေ ဘီးလင်းမြို့နယ်ထဲက ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.