နယူးဒေလီ၊ ဇန်နဝါရီ ၂
အိန္ဒိယ-မြန်မာ နယ်စပ်ရှိ မဏိပူရပြည်နယ် မိုရေးမြို့မှာ ၉ ဒသမ ၂၁၄ ကီလိုမီတာ ရှည်တဲ့ ခြံစည်းရိုး တည်ဆောက်ရေး စီမံကိန်း ပြီးဆုံးပြီ ဖြစ်ကြောင်း၊ ခြံစည်းရိုးနဲ့အပြိုင် ဖောက်လုပ်နေတဲ့ လမ်းအခြေအနေလည်း တိုးတက်မှု ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁ ရက်မှာ ပြောကြားလိုက်ပါတယ်။
အဲဒီ ခြံစည်းရိုး တည်ဆောက်ရေး စီမံကိန်းဟာ လုံခြုံရေး အားကောင်းစေဖို့နဲ့ နယ်စပ်ဖြတ်ကျော် တရားမဝင် လှုပ်ရှားမှုတွေကို ကာကွယ်ဖို့ရည်ရွယ်တာဖြစ်ပြီး ဒေသတွင်း ဝင်ရောက်ခွင့်နဲ့ ကင်းလှည့်နိုင်စွမ်း တိုးတက်လာစေဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ၂၀၂၃-၂၀၂၄ နှစ်ပတ်လည် အစီရင်ခံစာမှာ မိုရေးမြို့ရှိ ၉ ဒသမ ၂၁၄ ကီလိုမီတာ ရှည်တဲ့ ခြံစည်းရိုးနဲ့အပြိုင် လမ်းစီမံကိန်း ပြီးစီးခဲ့ပြီး လမ်းအခြေအနေ တိုးတက်မှု ရှိကြောင်း ဖော်ပြထားပါတယ်။
အိန္ဒိယ- မြန်မာ နယ်စပ်ဟာ ၁၆၀၀ ကီလိုမီတာ အရှည်ရှိပြီး မဏိပူရ အပါအဝင် အရှေ့ မြောက်ပိုင်းပြည်နယ် လေးခုနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။
တရားဥပဒေ စိုးမိုးမှု အားနည်းတဲ့ နှစ်နိုင်ငံ နယ်စပ်ဟာ မှောင်ခိုကူးမှုတွေ၊ တရားမဝင် ပြောင်းရွှေ့ နေထိုင်မှုတွေနဲ့ တော်လှန်ပုန်ကန်မှုတွေ အတွက် နေရာကောင်းတစ်ခု ဖြစ်နေပါတယ်။
အရေးပါတဲ့ နယ်စပ်မြို့ ဖြစ်ပြီး ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ မိုရေးမြို့က ခြံစည်းရိုးစီမံကိန်းဟာ နယ်စပ် လုံခြုံရေးအတွက် အိန္ဒိယရဲ့ ပိုမို ကျယ်ပြန့်တဲ့ စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
အိန္ဒိယက အရှေ့မြောက်ပိုင်းဒေသမှာ အခြေခံ အဆောက်အဦ စီမံကိန်းတွေလည်း ဖော်ဆောင်နေပါတယ်။
၁၆၄၃ ကီလိုမီတာ ရှည်တဲ့ နှစ်နိုင်ငံ နယ်စပ်စည်းဟာ အရူနာချယ်၊ နာဂလန်း၊ မဏိပူရနဲ့ မီဇိုရမ်ပြည်နယ်တို့ကို ဖြတ်သန်းသွားတာ ဖြစ်ပါတယ်။
နယ်စပ်စည်းမျဉ်း ၁၆၄၃ ကီလိုမီတာမှာ ၁၄၇၂ ကီလိုမီတာ အပိုင်းကို အမှတ်အသား ပြုလုပ်လို့ ပြီးစီးပြီဖြစ်ကြောင်း သိရပါတယ်။
အရူနာချယ်နဲ့ မဏိပူရ ပြည်နယ်တို့မှာတော့ အိန္ဒိယက စောင့်ကြည့် ထောက်လှမ်းရေးစနစ် တည်ဆောက်ရေးစီမံကိန်းတွေ အကောင်အထည် ဖော်နေပါတယ်။
Ref:ANI