ရေဖြူ၊ ဒီဇင်ဘာ ၂၂

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ဇာဒီကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က နှစ်ရက် ဆက် မီးရှို့နေတာကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးနေတယ်လို့ ဒေသခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။

ဇာဒီကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းနဲ့ ဒီ ဇင်ဘာ ၂၁ ရက်နေ့ နေ့လယ်ပိုင်းတို့မှာ ကျေးရွာအတွင်းရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ လုပ် ဆောင်နေတာပါ။

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေတာကြောင့် မီးလောင်နေတဲ့ နေအိမ်တွေရဲ့ မီးခိုတွေ မြင်နေရပြီး ရွာထဲမှာ စစ်ကောင်စီတပ် ရှိနေတာကြောင့် ပျက်စီးမှုအရေအတွက် အတိအကျ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့ကစပြီး ရေဖြူမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ရှိနိုင်မယ့် နေရာတွေထံ စစ်ကြောင်းထိုးနေတာပါ။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် ဇာဒီ၊ ခွေးမဖော၊ ပယ၊ ခေါင်ပြန်၊ ဖားချောင်းကျေးရွာတွေက ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့ကလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ပယကျေးရွာနဲ့ခေါင်ပြန်ကျေးရွာကြားမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေ မသိရသေးပါဘူး။

သုတေသနအဖွဲ့အစည်းဖြစ်တဲ့ Data for Myanmar ရဲ့နိုဝင်ဘာ ၁၀ ရက်နေ့ထုတ် အစီရင်ခံစာအရ စစ်အာဏာသိမ်းမှု သုံးနှစ်‌ကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေ အိမ်အလုံးပေါင်း တစ်သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.