နေပြည်တော် ၊ ဒီဇင်ဘာ ၂၁
ထိုင်းနိုင်ငံက ဦးဆောင်တဲ့ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲဟာ တော်လှန်ရေးအင်အားစုတွေမပါတဲ့အတွက် စစ်ကောင်စီကို နေရာပေးတာလို့ နိုင်ငံရေးအကဲခတ်တွေက ဝေဖန်ထောက်ပြကြပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး နှစ်စဉ်ဆက်တိုက် ဆွေးနွေးပွဲတွေ ဦးဆောင်ပြုလုပ်နေတဲ့ ထိုင်းနိုင်ငံက ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲဟာ အတိုက်အခံအဖွဲ့အစည်းတွေမပါဘဲ စစ်ကောင်စီကိုသာ ဖိတ်ကြားခဲ့ပါတယ်။
ဆွေးနွေးပွဲအတွင်း မြန်မာဘက်က စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ လာအိုနဲ့ ထိုင်းနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်တွေ အလွတ်သဘောညှိနှိုင်းဆွေးနွေးခဲ့ကြတာပါ။
ဆွေးနွေးမှုအတွင်း ဦးသန်းဆွေက ငြိမ်းချမ်းရေး၊ဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းနေမှုတွေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ထိုင်းအခြေစိုက် နိုင်ငံတကာသတင်းတချို့မှာတော့ စစ်ကောင်စီက မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် လမ်းကြောင်းဖွင့်ထားတယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် လာမယ့်နှစ် ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်နေတဲ့ အခြေအနေတွေကိုလည်း ဦးသန်းဆွေက ပြောကြားကြောင်း ထိုင်းနိုင်ငံခြားရေးပြောခွင့်ရပုဂ္ဂိုလ်က သတင်းမီဒီယာတွေကို ပြန် လည်ဖြေကြားထားတာပါ။
မြန်မာ့အရေးလေ့လာသူတစ်ဦးက မြန်မာ့ပဋိပက္ခကို ဖြေရှင်းဖို့ ဆိုရင် အာဆီယံအနေနဲ့ တော်လှန် ရေးအဖွဲ့ တွေကို စစ်ကောင်စီနဲ့ တန်းတူဆက်ဆံဖို့ တရားဝင်မှုပေးဖို့လိုတယ်လို့ သူ့အမြင်ကို ပြောပါတယ်။
“တရုတ်က စစ်ကောင်စီဘက် အပြည့်ရပ်တည်လိုက်တဲ့အခါ အာဆီယံအနေနဲ့လည်း စစ်ကောင်စီနဲ့ပဲ ဆက်ဆံရေးပြန်လုပ်မယ်ဆိုရင် စစ်ကောင်စီကပဲ တရားဝင်မှုပြန်ရသွားမယ်။ ဒါမြန်မာ့ပဋိပက္ခကို ဖြေရှင်းတဲ့နည်းလမ်းမဟုတ်ပါဘူး။ အာဆီယံရဲ့ ပထဝီနိုင်ငံရေးအကျိုးစီးပွားလောက်ပဲ စဉ်းစားတာဖြစ်တယ်။ မြန်မာ့ပဋိပက္ခကို အမှန်တကယ်ဖြေရှင်းချင်ပါတယ်ဆိုရင် အာဆီယံအနေနဲ့ တော်လှန် ရေးအဖွဲ့တွေ တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့တွေကို စစ်ကောင်စီနဲ့အဆင့်တူ သတ် မှတ်ပြီး ဆက်ဆံဖို့လိုတယ်။ တရားဝင်မှုပေးဖို့လိုတယ်။ စစ်ကောင်စီဘက် တရုတ်ကထောက်ခံလာလေလေ အတိုက်အခံဘက်ကို အာဆီယံကဝန်းရံပေးရလေလေပါပဲ”လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာတော့ စစ်ကောင်စီမပါဝင်တဲ့ မလေးရှား၊ လာအို၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ ဘင်္ဂလားဒေ့ရှ်က ကိုယ်စား လှယ်တွေ မြန်မာ့အရေး ဆက်လက်ဆွေးနွေးဖို့ ဖြစ်ပါတယ်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ဒီဇင်ဘာ ၁၈ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေးဌာနက ဒုဝန်ကြီးနဲ့ တွေ့ဆုံခဲ့သလို ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ နိုင်ငံခြားရေးအကြံပေးပုဂ္ဂိုလ်တို့နဲ့ ဘန်ကောက်မှာ သီးခြားစီတွေ့ဆုံထားကြတာပါ။
အလားတူ ဒီဇင်ဘာ ၁၉ ရက်နေ့မှာလည်း လာအိုက နိုင်ငံခြားရေးဝန်ကြီး၊ အိန္ဒိယက နိုင်ငံခြားရေးအတွင်းဝန်နဲ့ ဖိလစ်ပိုင်က နိုင်ငံခြားရေးဝန်ကြီးတို့ကိုလည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာပါ။
အဲဒီတွေ့ဆုံမှုမှာတော့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေ တားဆီးနှိမ်နင်းရေးမှာ ပူးပေါင်းမှု တိုးမြှင့်ဖို့၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေးနဲ့ နယ်စပ်ဒေသ တည်ငြိမ်မှု ထိန်းသိမ်းဖို့အတွက် ဆက် လက်ပူးပေါင်းသွားဖို့ ဦးသန်းဆွေက တင်ပြခဲ့တယ်လို့ စစ်ကောင်စီက ဖော်ပြပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က အာဆီယံ ဆုံးဖြတ်ချက်တစ်ခုမှ အကောင်အထည် ဖော်နိုင်ခြင်းမရှိတဲ့အပေါ် စစ်ကောင်စီ ကိုယ်စားလှယ်ကို နေရာပေးဖို့ ကျင်းပတဲ့ အစည်းအဝေးဟာ အဓိပ္ပာယ်မရှိဘူးလို့ သုံးသပ်ပါတယ်။
“အာဏာရထားတဲ့ တရားမဝင်တဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေကို နေရာပေးဖို့အတွက် ကျင်းပတဲ့ အစည်းအဝေးတွေက မြန်မာပြည်ပြဿနာ ဖြေရှင်းရေးအတွက် ပိုပြီးတော့ ထူးမှာမဟုတ်ဘူး။ ဒါမှမဟုတ် ဒီအတွက်ကုန်ကျတဲ့ ကုန်ကျစရိတ်တွေကို စစ်ရှောင်ဒုက္ခသည်တွေအတွက် အသုံးချရင် ပိုပြီးတော့ အဓိပ္ပာယ်ရှိတယ်၊ အကျိုးရှိလိမ့်မယ်လို့ ကျွန်တော်ယူဆတဲ့အကြောင်း ပြောတာပါ။ အဲဒီတော့ ဒါတွေလုပ်လာခဲ့တဲ့ထဲမှာ အခုအာဆီယံဆုံးဖြတ်ချက် တစ်ချက်မှအကောင်အထည်ဖော်နိုင်တာ မရှိပါဘူး။ အဲဒါကြောင့် ဒါတွေ ဆက်လုပ်နေလည်း အဓိပ္ပာယ်မရှိဘူးလို့ ကျွန်တော်ယူဆတာပါ”လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာနဲ့ ၂၀၂၃ ခုနှစ် ဇွန်လတို့မှာ အာဆီယံ ဒေသတွင်း နိုင်ငံတွေအပါအဝင် တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ကို ဖိတ်ကြားပြီး စစ်ကောင်စီ ကိုယ် စားလှယ်တွေနဲ့ အလွတ်သဘောဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါပေမယ့် အဲဒီဆွေးနွေးမှုတွေမှာ မြန်မာ့အရေးဖြေရှင်းဖို့ ကောင်းမွန်တဲ့ ရလဒ်မထွက်ပေါ်ခဲ့သလို သက်ဆိုင်သူတွေဖြစ်တဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဖိတ်ကြားခြင်းမရှိခဲ့ပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- MFP