နေပြည်တော် ၊ ဒီဇင်ဘာ ၁၁
နိုင်ငံအနှံ့မတည်ငြိမ်မှုတွေကြောင့် လာမယ့်ရွေးကောက်ပွဲအတွက် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် အင်အားတစ်သောင်းနဲ့ လုံခြုံရေးယူသွားမယ်လို့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့ချိန်မှာ စစ်ကောင်စီက စကားဦးသန်းလာပါတယ်။
ဒီဇင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့တို့မှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နဲ့ နိုင်ငံရေးပါတီတို့ ရွေးကောက်ပွဲကျင်းပနိုင်ရေး ဥက္ကဋ္ဌတွေအပါအဝင် ကော်မတီဝင်တွေနဲ့ တာဝန်ရှိသူတွေ တွေ့ ဆုံခဲ့ကြတာပါ။
အဲဒီတွေ့ဆုံမှုအတွင်း ရွေးကောက်ပွဲလုံခြုံရေးနဲ့ပတ်သက်ပြီး အပိုင်းလိုက်ကျင်းပဖို့နဲ့ စစ်တပ်အဖွဲ့ဝင်တွေ မဲရုံစောင့်ဖို့ ပါတီတချို့ တင်ပြကြသလို တချို့ပါတီတွေကလည်း စစ်တပ်ပါရင်မဖြစ်ဘူးဆိုတဲ့ သဘောထားတွေ တင်ပြခဲ့ကြတယ်လို့ မွန်တိုးတက်ရေးပါတီဥက္ကဌ နိုင်မျိုးတင့်လွင်က ပြောပါတယ်။
ဒီအပေါ် NSPNC ဥက္ကဋ္ဌက ရွေးကောက်ပွဲအတွက် လောလောဆယ်မှာ အကြမ်းဖက်နှိမ်နင်းရေးအ ဖွဲ့ အပတ်စဉ် ၁ က အင်အားတစ်သောင်းကို အတွင်းစည်းအပြင်စည်း လုံခြုံရေးယူသွားမယ်လို့ ပြောဆိုကြောင်း သူက အခုလိုရှင်းပြပါတယ်။
“ရွေးကောက်ပွဲလုံခြုံရေးအပိုင်းကို နိဂုံးချုပ်မှာ ဗိုလ်ချုပ်ထွန်းထွန်းနောင် NSPNC ဥက္ကဋ္ဌ သူပြောလိုက်တာက လောလောဆယ် သူ့ဆီမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ နှိမ်နင်းရေးအဖွဲ့ အပတ်စဉ် ၁ က ကျောင်းဆင်းသွားပြီပေါ့။ အင်အားတစ်သောင်းရှိတယ်။ အဲဒီအင်အားတစ်သောင်းက လက် နက်မကိုင်ဘဲနဲ့ နံပါတ်တုတ်နဲ့ ကျင်စက်နဲ့ကိုင်တာ ၇၀၀၀ ၊ လက်နက်တပ်ဆင်ထားတဲ့ဟာက ၃၀၀၀ ပေါ့။ အဲဒီအဖွဲ့တွေနဲ့ အပိုင်းလိုက် အတွင်းစည်း အပြင်စည်း လုံခြုံရေးယူသွားပါ့မယ်လို့ ပြောသွားပါတယ်”လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ NSPNC ဥက္ကဋ္ဌပြောတဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဟာ ဩဂုတ်လအတွင်း စတင်ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့လို့ သံလွင်တိုင်းမ်အနေနဲ့ နားလည်ရပါတယ်။
ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့မှာတော့ ကာကွယ်ရေးနဲ့ ပြည်ထဲရေးအပြင် ထွေအုပ်နဲ့မီးသတ်ဌာနအ ထိ ပါဝင်မှာဖြစ်ပြီး အဲဒီကနေတိုင်းနဲ့ ပြည်နယ်၊ ခရိုင်၊ မြို့ နယ်နဲ့ ရပ်ကွက်ကျေးရွာအုပ်စုအထိ ဖွဲ့ စည်းထားတာပါ။
အဖွဲ့ဝင်အဖြစ် အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အထိ အမျိုးသားတွေကိုပါဝင်ခိုင်းပြီး ကာလတိုစစ်သင် တန်းပေးကာ ရပ်ကွက်၊ ကျေးရွာလုံခြုံရေးအတွက် တရားဝင်လက်နက်တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်တပ်နဲ့ နီးစပ်သူတွေအပါအဝင် စည်းရုံးထားတဲ့ အရပ်သားတွေကို စက်တင်ဘာလက တည်းက သင်တန်းပေးထားပြီး အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့မှာပါတဲ့သူတွေကိုတော့ လက်နက်တပ်ဆင်ပေးထားတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်ကောင်စီကတော့ NSPNC နဲ့ နိုင်ငံရေးပါတီတို့ တွေ့ဆုံမှုအတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးအပါအဝင် ရွေးကောက်ပွဲနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပေမယ့် အသေး စိတ် ဖော်ပြခြင်းမရှိခဲ့ပါဘူး။
ဒီဇင်ဘာ ၇ ရက်နေ့မှာလည်း စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ မှတ်ပုံတင်ခွင့်ပြုပြီးတဲ့ နိုင်ငံရေးပါတီ ၅၀ ကျော်တို့ တွေ့ဆုံဆွေးနွေးခဲ့သေးတာပါ။
အဲဒီတွေ့ဆုံမှုမှာ ကော်မရှင်ဥက္ကဋ္ဌက လာမယ့် ရွေးကောက်ပွဲမှာ ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့ လာရေးအဖွဲ့တွေကို စံနှုန်းနဲ့အညီ ခွင့်ပြုသွားမယ်လို့ ဆိုထားပါတယ်။
နိုင်ငံရေးပါတီတွေကတော့ ရွေးကောက်ပွဲကို ဘယ်အချိန်မှာ ဘယ်စနစ်နဲ့လုပ်ပြီး ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ ဘယ်တော့ထုတ်မယ်ဆိုတာ တင်ပြခဲ့ကြတယ်လို့ နိုင်မျိုးတင့်လွင်က ပြောပါတယ်။ ဒါ့အပြင် ပါတီတစ်ခုကတော့ ရွေးကောက်ပွဲကို ဖျက်ဆီးတာတွေလုပ်ရင် အရေးယူတားမြစ်မယ့် ဥပဒေကြိုတင်ပြဌာန်းဖို့ တင်ပြခဲ့တဲ့အပေါ် ကော်မရှင်ဘက်က စဉ်းစားမယ်လို့ ဆိုပါတယ်။
သုံးရက်ဆက်တိုက် တွေ့ဆုံခဲ့တဲ့ စစ်ကောင်စီရဲ့ NSPNC အပါအဝင် ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတို့ ဆွေးနွေးမှုအတွင်း ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ချမှတ်နိုင်ခြင်း မရှိသေးဘူးလို့ က ရင်အမျိုးသား ဒီမိုကရက်တစ်ပါတီဥက္ကဌ မန်းအောင်ပြည်စိုးက ပြောပါတယ်။
“ပါတီအသီးသီးကနေပြီးတော့ လုံခြုံရေးနဲ့ ပတ်သက်တာ ရွေးကောက်ပွဲနဲ့ပတ်သက်တာ အမြင်သ ဘောထားတွေ တင်ပြတာပဲ ရှိသေးတယ်။ ဆုံးဖြတ်ချက်ရယ်လို့ မရှိဘူး။ နောက် ၇ ရက်နေ့မှာ UEC နဲ့ ပြန်တွေ့တဲ့အခါကျတော့ ရွေးကောက်ပွဲလုပ်မယ့် ရက်အတိအကျ ၊ ဘယ်စနစ်မယ့် လုပ်မယ်ဆိုတာ မေးမြန်းဆွေးနွေးကြတဲ့အခါ သူတို့လည်း အဲဒါကိုအဖြေမပေးနိုင်သေးဘူး” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ထဲက နောက်ဆုံးအချက်ဖြစ်တဲ့ အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ပြီးစီးပါက ရွေးကောက်ပွဲကျင်းပပြီး ထွက်ပေါ်လာတဲ့ အစိုးရကို နိုင်ငံ့တာဝန်လွှဲအပ်နိုင်ရေး ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် လက်ရှိမှာ နိုင်ငံအနှံ့နီးပါး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို စစ်ကောင်စီ စိုးမိုးနယ်မြေထဲက မြို့ပေါင်း ၈၆ မြို့ကိုလည်း လက်နက်ကိုင်တော် လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတာပါ။
တစ်ဘက်မှာ ရွေးကောက်ပွဲအကြိုလုပ်ငန်းစဉ်တွေထဲက အခြေခံမဲစာရင်းတွေရရှိဖို့ အောက်တိုဘာမှာ ကောက်ယူခဲ့တဲ့ လူဦးရေသန်းခေါင်စာရင်းကလည်း တချို့ ဒေသတွေမှာ အပြည့်အဝ ကောက် ယူနိုင်ခြင်းမရှိခဲ့ပါဘူး။
ဒီအခြေအနေမှာ စစ်ကောင်စီကတော့ ရွေးကောက်ပွဲကျင်းပနိုင်ရေး ပါတီတွေရဲ့ အကြုံပြုချက်တွေကို အလေးထားပြီးလုံခြုံမှုအပြည့်အဝရရှိရေး၊တရားမျှတရေးနဲ့ ပြည်သူတွေ မဲပေးခွင့်မဆုံးရှုံးစေရေး ဦးတည်သွားမယ်လို့ ကြွေးကြော်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI