မောင်တော၊ ဒီဇင်ဘာ ၁၁

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၅ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာကြောင့် မောင်တောဒေသတစ်ခုလုံးကို အလုံးစုံထိန်းချုပ်လိုက်ပြီလို့ အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းမှာ အတည်ပြုထုတ်ပြန်ပါတယ်။

မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ နောက်ဆုံးကျန်ရှိတဲ့ နခခ ၅ လို့ ခေါ်တဲ့ အမှတ် ၅ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲကို အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာ ၈ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

နခခ ၅ ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် အာရက္ခတပ်တော် AA ဟာ မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်လျှောက်လုံးကိုလည်း အလုံးစုံထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

နခခ ၅ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) မှ ဗိုလ်မှူးချုပ် သူရိန်ထွန်းအပါအဝင် စစ်သုံ့ပန်းအများအပြား ဖမ်းဆီးရမိခဲ့တယ်လို့ AA က အတည်ပြုပါတယ်။

နခခ ၅ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅၀ ကျော် သေဆုံးခဲ့သလို လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့တွေနဲ့ ပူးပေါင်းတိုက်ခိုက်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေလည်း ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

နခခ ၅ တပ်စခန်းဟာ မောင်တောမြို့ရဲ့ မြို့သူကြီးရပ်ကွက်မှာရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ကျော်နဲ့ စခန်းချ တပ်စွဲထားတဲ့ စခန်းကြီးတစ်ခု ဖြစ်သလို စခန်းပတ်ပတ်လည်မှာလည်း သံဆူကြိုး နှစ်ထပ်နဲ့ ကာရံထားပြီး တစ်ခုနဲ့တစ်ခုကြားမှာ သတ်ကွင်းတွေ ပြင်ဆင်ထားတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အာရက္ခတပ်တော် AA ဟာ မောင်တောဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ကျန်ရှိနေတဲ့ အမ်း၊ တောင်ကုတ်နဲ့ ဂွမြို့တွေက စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ အသိပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ စတင်ခဲ့တဲ့ စစ်ဆင်ရေးတစ်နှစ်ကျော်အတွင်း အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်က မြို့နယ် ၁၁ မြို့နယ်နဲ့ ချင်းပြည်နယ်က ပလက်ဝဒေသတို့ကို သိမ်းပိုက်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.