ဝါရှင်တန်၊ ဒီဇင်ဘာ ၁၁
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နိုင်ငံတကာ ဥပဒေချိုးဖောက်မှုတွေ အရှိန်ပိုမြင့်လာမယ်ဆိုရင် တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC ရဲ့ တရားစွဲဆိုမှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း ICC ရှေ့နေချုပ် ကာရမ်ခမ်းက သတိပေးလိုက်ပါတယ်။
ICC ရဲ့ စုံစမ်း စစ်ဆေးမှုတွေဟာ အရင်က မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကိုပဲ အဓိက စုံစမ်းဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ICC ရဲ့ လုပ်ပိုင်ခွင့်အရ လက်ရှိ ဖြစ်ပွားနေတဲ့ ဥပဒေ ချိုးဖောက်မှုတွေအတွက်လည်း အရေးယူနိုင်တယ်လို့ ကာရမ်ခမ်းက ပြောကြားထားပါတယ်။
အာရက္ခတပ်တော် AA အနေနဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေနဲ့ မဆက်စပ်ဘူးဆိုရင် ICC ရဲ့ တရားစွဲဆိုမှုကနေ ကင်းလွတ်လိမ့်မယ်လို့ ရှေ့နေချုပ်ပြောပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ နိုဝင်ဘာ ၂၇ ရက်က တရားရုံးသို့ ဖမ်းဝရမ်း ထုတ်ပေးဖို့ လျှောက်ထားလိုက်ပြီးနောက် နောက်ထပ် လျှောက်ထားမှုတွေလည်း ရှိကြောင်း ရှေ့နေချုပ် ကာရမ်ခမ်းက အတည်ပြု ပြောကြားထားပါတယ်။
VOA သတင်းဌာနနဲ့ အွန်လိုင်းက တွေ့ဆုံရာမှာ မစ္စတာ ခမ်းက လက်ရှိ စုံစမ်း စစ်ဆေးမှုတွေဟာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ပဲ သက်ဆိုင်နေပေမယ့် ICC အနေနဲ့ အခြား ရာဇဝတ်မှုတွေအတွက်လည်း တရားစွဲဆိုနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
မြန်မာဟာ Rome Statute အဖွဲ့ဝင် မဟုတ်ပေမယ့် ထိခိုက်နစ်နာသူတွေဟာ အဖွဲ့ဝင်ဖြစ်တဲ့ ဘင်္ဂလားဒေ့ချ်သို့ ရောက်ရှိ ခိုလှုံနေကြတာ ဖြစ်တဲ့ အချက်ကို သူက ထောက်ပြပါတယ်။
မြန်မာပြည်သူတွေနဲ့ ရိုဟင်ဂျာတွေက တရားမျှတမှု အလိုရှိနေတာကြောင့် နောက်ထပ် တရားရုံးသို့ လျှောက်ထားမှုတွေ ဖမ်းဝရမ်း တောင်းခံမှုတွေ ရှိလာဦးမှာ ဖြစ်တယ်လို့ ရှေ့နေချုပ်က ပြောပါတယ်။
Ref:VOA