ဝါရှင်တန်၊ ဒီဇင်ဘာ ၂

မကြာမီ ရာထူးလွှဲပြောင်းပေးရတော့မယ့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရာဇဝတ်မှု နှစ်ခုအတွက် ပြစ်ဒဏ်နဲ့ ရင်ဆိုင်နေရတဲ့ သားဖြစ်သူ ဟန်တာ ဘိုင်ဒန်ကို တရားဝင် ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးလိုက်ပါတယ်။

သားဖြစ်သူကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးမှာ မဟုတ်ဘူးလို့ သမ္မတဘိုင်ဒန်က အရင်က ပြောထားခဲ့ဖူးပေမယ့် အခုတစ်ခါ ကြေညာချက်မှာ ဟန်တာဟာ ရွေးထုတ်ခံခဲ့ရတာ ဖြစ်ပြီး ဒီအမှုတွေဟာ တရားဥပဒေရဲ့ ကျရှုံးမှု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အခွန်ရှောင်မှုနဲ့ ပတ်သက်တဲ့ စွဲချက်တွေအတွက် ဟန်တာက အပြစ်ရှိကြောင်း စက်တင်ဘာလလဆန်းပိုင်းက ထွက်ဆိုခဲ့ပြီး သေနတ် လက်ဝယ်ထားပြီး တရားမဝင် မူးယစ်ဆေးဝါး သုံးစွဲကြောင်း စွဲချက်အတွက် အပြစ်ရှိတယ်လို့ ဇွန်လက စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

သူဟာ တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတ တစ်ဦးရဲ့ ရာဇဝတ်မှုတွေအတွက် ပြစ်မှု ထင်ရှားတဲ့ ပထမဆုံး သား၊သမီး ဖြစ်ပါတယ်။

သမ္မတ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြုမှုနဲ့ ပက်သက်လို့ ရွေးကောက်ပွဲ အနိုင်ရထားသူ ဒေါ်နယ် ထရန့်က လက်ရှိသမ္မတ ဘိုင်ဒန်က ဟန်တာကို ပြစ်ဒဏ် ကင်းလွတ်ခွင့် ပေးရာမှာ နှစ်နဲ့ချီ ထောင်ကျခံနေကြရတဲ့ ဇန်နဝါရီ ၆ ရက် ဓားစာခံတွေများ ပါဝင်နေလားဆိုပြီး မေးခွန်းထုတ်ခဲ့တဲ့အပြင် ဒါက တရားဥပဒေကို အလွဲသုံးစား လုပ်မှုနဲ့ တရားဥပဒေ သန္ဓေပျက်မှုဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဇန်နဝါရီ ၆ ရက် ဓားစာခံတွေဆိုတာကတော့ ၂၀၂၀ ရွေးကောက်ပွဲတုန်းက သူရှုံးနိမ့်မှုကို ပြောင်းပြန်လှန်ဖို့ ကြိုးပမ်းရင်း လွှတ်တော်ကို ဝင်ရောက် စီးနင်းခဲ့သူတွေနဲ့ပတ်သက်လို့ ထရန့်က ရည်ညွှန်း ပြောဆိုတာ ဖြစ်ပါတယ်။

သားဖြစ်သူ ဟန်တာကို သနားညှာတာပေးမှာ မဟုတ်ဘူးလို့ သမ္မတဘိုင်ဒန်က အရင်က ပြောကြားခဲ့ပြီး အခုတော့ ခြွင်းချက်မရှိ အပြည့်အဝ ပြစ်ဒဏ် ကင်းလွတ်ခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ သားဖြစ်သူအတွက် ပြစ်ဒဏ် ကင်းလွတ်ခွင့် ထုတ်ပေးချိန်မှာ သမ္မတ ဘိုင်ဒန်က အခုအချိန်မှာ နိုင်ငံရေးဟာ တရားစီရင်ရေးစနစ်ထဲ ရောဂါကူးသလို ကူးစက်ပျံ့နေတာကြောင့် တရားဥပဒေ ပျက်သုန်းမှုဆီ ဦးတည်နေရတယ်လို့ ပြောကြားထားပါတယ်။

ဒီလို သမ္မတ တစ်ဦးအနေနဲ့၊ ဖခင် တစ်ယောက်အနေနဲ့ သားဖြစ်သူကို ဘာကြောင့် ပြစ်ဒဏ် ကင်းလွတ်ခွင့် ပေးရသလဲ ဆိုတာ အမေရိကန် ပြည်သူတွေအနေနဲ့ နားလည်လိမ့်မယ်လို့ မျှော်လင့်ကြောင်း သမ္မတဘိုင်ဒန်က ပြောကြားထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.