မော်လမြိုင်၊ နိုဝင်ဘာ ၂၈
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေမှာ စစ်တပ်အာဏာသိမ်းထားတဲ့ အခုနှစ် ဇူ လိုင်လအထိ စစ်ကောင်စီတပ်စခန်းပေါင်း ၁၃၈ ခုအထိ လက်လွှတ်ဆုံးရှုံးထားရတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN ထံက သိရပါတယ်။
ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN က နိုဝင်ဘာ ၂၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့“တို့ပိုင်သည့်မြေ တို့အုပ်ချုပ်မည်”ဆိုတဲ့ အစီရင်ခံစာအရ သိရပါတယ်။
အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းချိန်ကနေစပြီး မြန်မာနိုင်ငံအရှေ့တောင်းပိုင်းမှာ စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၁၃၈ ခု ဆုံးရှုံးထားရပြီး နှစ်ပေါင်း ၄၀ အတွင်း ထိုင်း – မြန်မာနယ်စပ်မှာ ကရင်ထိန်းချုပ်မှု နယ်မြေအများဆုံး ပြန်လည်ရယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ မဟာမိတ်တပ်တွေရဲ့ ထိုးစစ်ဆင်တိုက် ခိုက်မှုကြောင့် ၂၀၂၃ ဩဂုတ်လမှ ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ စစ်ကောင်စီရဲ့ စစ်စခန်း ၇၀ အထိ သိမ်းပိုက်နိုင်ခဲ့ပြီး ဒါဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း သိမ်းယူထားတဲ့ စခန်းပေါင်း ၁၃၈ ခုရဲ့ တစ်ဝက်ကျော်တယ်လို့ KPSN က ဆိုပါတယ်။
တစ်ဖက်မှာလည်း ကော်သူးလေနယ်မြေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လာတာကြောင့် နေရပ်စွန့်ခွာ အိုးမဲ့အိမ်မဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်အ ရေအတွက် တစ်သန်းကျော်အထိ တိုးလာခဲ့ပါတယ်။
ဒါ့အပြင် ကော်သူးလေနယ်မြေမှာ ပြီးခဲ့တဲ့ နှစ်တွေက စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်သာ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာရှိခဲ့ပြီး အခုနှစ်မှာတော့ ဒရုန်းဗုံးသီးချ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အရပ်သားတွေလည်းရှိတယ်လို့ KPSN တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် တိုးများလာတဲ့ စစ်ရှောင်အရေအတွက်နဲ့ မြှင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေအပြင် ရေကြီးရေလျှံမှုကြောင့် စားနပ်ရိက္ခာ အကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် လာမယ့် ၂၀၂၅ ခုနှစ်မှာ စစ်ဘေးရှောင်တွေ ၆ လစာအတွက် အမေရိကန်ဒေါ်လာ ၁၁၄ သန်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရန်ကုန်အခြေစိုက် အေဂျင်စီမှတဆင့် ပံ့ပိုးကူညီမှုတွေကို မပြုလုပ်ဘဲ နယ်စပ်လမ်းကြောင်းကနေသာ ကူညီပေးကြဖို့ KPSN က တိုက်တွန်းထားပါတယ်။
လက်ရှိမှာလည်း အခြေခံအစားအစာတွေအပြင် အဆောက်အဦး၊ ဆေးဝါး၊ ကျောင်းတွေသာမက ကလေးနဲ့ အမျိုးသမီးတွေအတွက် သီးခြားအကူအညီတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU