“ထောင်ထဲက သက်ကြီးရွယ်အိုတွေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လိုမျိုး သက်ကြီးနိုင်ကျဉ်းတွေ များစွာရှိပါတယ်။ ငယ်ရွယ်သူတွေတောင် ထောင်ထဲ ကျန်းမာရေးစောင့်ရှောက်မှု မရလို့ ကိုယ်ခံအားကျ သေဆုံးရတဲ့ အခြေအနေမျိုးမှာ သက်ကြီးနိုင်ကျဉ်းတွေအတွက်တော့ စိုးရိမ်ဖွယ်ကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်တယ်” – ကိုသိုက်ထွန်းဦး (PPNM)

လက်ရှိ မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ အကျဉ်းသားတွေ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေဟာ ဖိနှိပ်မှုတွေ၊ ခွဲခြားဆက်ဆံရမှုတွေမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခံထားရသူတွေထဲကမှ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ထောင်အာဏာပိုင်တွေရဲ့ ယုတ်မာမှုတွေ ဖိနှိပ်မှုတွေက အဆိုးဆုံးအနေအထား ရောက်နေတယ်လို့ ဆိုရမှာပါ။

လက်ရှိ နိုင်ငံတဝန်းက အကျဉ်းထောင်တွေထဲမှာ အကျဉ်းသားတွေရဲ့ ဖိနှိပ်ခံရမှု အခြေအနေ၊ ကြုံနေရတဲ့ ဖိနှိပ်မှုတွေအကြောင်း၊ ထောင်တွင်း ကန့်သတ်ချက်တွေနဲ့ အကျဉ်းစံ သက်ကြီးထောင်သားတွေရဲ့ အခြေအနေတွေကို မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးနဲ့ သံလွင်တိုင်းမ်က မေးမြန်းတင်ဆက်ထားပါတယ်။

မေး- အရင်ဦးဆုံးအနေနဲ့ လက်ရှိနိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေကို ဖိနှိပ်တဲ့ အခြေအနေ ဘယ်လိုရှိလဲ ပြောပြပေးပါ။

ဖြေ – ဒီနှစ်ထဲမှာ အမျိုးသားနိုင်ငံရေးအကျဉ်းသားတွေကို အဓမ္မပြုကျင့်တာတွေ၊ LGBT နိုင်ငံရေးအကျဉ်းသားတွေကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တာတွေ၊ လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်တာတွေ၊ အကျဉ်းဦးစီးဌာနက ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ဆောင်ရွက်နေတာ တွေ့ရပါတယ်။

နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတွေအပေါ်မှာလည်း ဆိုးဆိုးဝါးဝါး ဖိနှိပ်တဲ့ နှစ်လည်းဖြစ်တယ်။ နေထိုင်စားသောက်ရာမှာလည်း လုံလောက်တဲ့အာဟာရ မရရှိတဲ့အတွက် ကိုယ်ခံအားကျဆင်းတာတွေ နေမကောင်းဖြစ်တာတွေ နောက်မိသားစုက ပေးပို့တဲ့ဆေးဝါးတွေကို ပို့လို့မရတာတွေ ဒီလိုပုံစံမျိုးနဲ့ ဖိနှိပ်နေတယ်လို့ ဆိုးဝါးလာတာဖြစ်တယ်လို့ ပြောလို့ရပါတယ်။

မေး – အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသားတွေဟာ ဘယ်လိုမျိုး ဖိနှိပ်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေရလဲ။

ဖြေ – ထောင်ထဲမှာ ချိုးရေ ကန့်သတ်ချက်တွေပေါ့။ ရေ ဝဝလင်လင် မချိုးရဘူး။ ပုံစံအနေနဲ့ ချိုးရတာတွေ။ နောက် အသားဟင်းကျွေးရမယ့်ရက်တွေမှာ အသားဟင်းမကျွေးဘူး။

ဈေးသက်သာတဲ့ ကြက်ဥလိုဟာတွေ ကျွေးတာ၊ အသားတုံးတွေကိုလည်း ကျွေးရမယ့်ပမာဏ မကျွေးဘူး။ လျော့ကျွေးတာ။ ဒီလိုတွေလည်းရှိတဲ့အပြင် အကျဉ်းသားတွေအားလုံးကို ထောင်အာဏာပိုင်တွေက အပြင်လုပ်ငန်းတွေကို ကန်ထရိုက်ယူပြီး မြေပဲခွံခွာတာတို့ ငရုပ်သီးအညှာချွေတာ စတဲ့လုပ်ငန်းတွေ လုပ်ခိုင်းတဲ့ကိစ္စတွေကလည်း အကျဉ်းသားအတော်များများ ရင်ဆိုင်နေရတဲ့ဖိနှိပ်မှု ဖြစ်ပါတယ်။

ထောင်အာဏာပိုင်တွေရဲ့ အကျိုးစီးပွားအရ ခိုင်းစေခံနေရတဲ့ အခြေအနေမျိုးလည်း အကျဉ်းသား အားလုံး ရင်ဆိုင်နေရတယ်လို့ ပြောပြချင်ပါတယ်။

မေး – ထောင်တွင်းမှာ နေထိုင်စားသောက်ရေးနဲ့ ပတ်သက်တဲ့လို့ ရေမလုံလောက်တာအပြင် ဆေးဝါးကန့်သတ်ချက်တွေကြောင့် ဘယ်လိုအခက်အခဲတွေ ရှိနေလဲ။

ဖြေ – အာဏာသိမ်းပြီးနောက် သတ်မှတ်အရေအတွက်ထက် ကျော်လွန်တဲ့ ပြည်သူတွေကို ဖမ်းပြီးထားတယ်။ နိုင်ငံရေးအကျဉ်းသားအနေနဲ့ မှတ်တမ်းတင်ထားတာတောင် နှစ်သောင်းခွဲကျော်နေပြီ။ စာရင်းမတင်ရသေးတာလည်း ရှိနိုင်သေးတယ်။

လူဦးရေ ၅၀ လောက် ထားရတဲ့အခန်းမှာ လူဦးရေ ၁၀၀ ကျော်လောက် ထားတယ်။ အိပ်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ပူးကပ် ကြပ်ညပ်အိပ်နေကြတဲ့ အဖြစ်တွေရှိတယ်။ ဒါကြောင့် ပွေး၊ ဝဲ၊ ယားနာ ကူးစက်မှုတွေ ထောင်တွေမှာ ပိုပြီးများလာတယ်။

ရေကိုကန့်သတ်မှုတွေ အလုံအလောက်ချိုးဖို့ ခွင့်မပြုတော့ ပွေးဝဲယားနာတွေဖြစ်လာတော့ ထောင်အာဏာပိုင်တွေက ဆေးဝါးတွေ မပေးတော့ ထောင်နဲ့ပွေး၊ ဝဲ၊ ယားနာက ဒွန်တွဲပြီးဖြစ်လာတယ်လို့ ပြောချင်ပါတယ်။

ဒါတွေက ထောင်တွင်းဆေးဝါးကန့်သတ်ချက်တွေကြောင့် ဖြစ်ရတာလို့ ပိုပြီးမြင်နိုင်မယ့် အရာဖြစ်ပါတယ်။ စနစ်တကျနဲ့ ဆေးဝါးစောင့်ရှောက်မှုပေးမယ်ဆို ဒီလိုရောဂါတွေ လျော့ကျသွားမယ်လို့ မြင်ပါတယ်။

မေး – ထောင်ဝင်စာ ပေးပို့မှုနဲ့ ဆေးဝါးကန့်သတ်ချက်တွေကြောင့် ဒေါက်တာဇော်မြင့်မောင်တို့လို ဝန်ကြီးတွေ အသက်ဆုံးရှုံးခဲ့ရတာနဲ့ ပတ်သက်ပြီး ဆရာတို့ အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ – ဒီနေ့ကြားရတဲ့သတင်းမှာ နိုင်ကျဉ်းတစ်ဉီးဆုံးတယ်လို့ သိရတယ်။ ထောင်ထဲမှာ သောက်သုံးရေ သန့်ရှင်းမှု မရှိတာတွေကြောင့် ကျောက်ကပ်ပျက်စီးတာတွေ ရှိတယ်။

နာတာရှည်ရောဂါသမားတွေလည်း ထောင်တွင်း စောင့်ရှောက်မှု အပြည့်မရတဲ့အတွက် ထောင်ထဲမှာ ကျန်းမာရေးဆိုးဝါးလာပြီး သေဆုံးတာတွေ ရှိသလို ရောဂါအရေးပေါ်ဖြစ်ရင် အချိန်နဲ့တပြေးညီ ကုသမှုမရှိတာ အပြင်ဆေးရုံမှာ ပို့ဆောင်မှုမရှိတာတွေကြောင့်လည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေက အသက်တွေ ပေးနေကြရပါတယ်။

ဒီပုံစံအတိုင်းသာ ဆက်ပြီး သွားရင် တော်လှန်ရေးအောင်မယ့်အချိန်မှာ နိုင်ကျဉ်းတွေ ထောင်ထဲမှာ သေဆုံးသွားတဲ့အတွက် မိသားစုဝင်တွေဆီ ပြန်မရောက်နိုင်မယ့်သူတွေ ထွက်လာမယ့်သားသမီးကို စောင့်မျှော်နေမယ့်သူတွေအတွက် စဉ်းစားကြည့်ရင် ဝမ်းနည်းဖွယ်ကောင်းတဲ့ ဖြစ်ရပ်တစ်ခုဖြစ်နေပါတယ်။

ထောင်ထဲဆေးဝါးစောင့်ရှောက်မှု ပေးဖို့ ကျွန်တော်တို့တောင်းဆိုနေတဲ့ အချက်ကို အကျဉ်းဉီးစီးဌာနအနေနဲ့ အမြန်ဆုံးလုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။ အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတွေကို အကျဉ်းဉီးစီးဌာနက မလုပ်သ၍တော့ ထောင်တွင်းသေဆုံးမှုတွေ ဒီထက်ပိုမြင့်တက်လာဖို့ပဲ ရှိတယ်လို့ ပြောချင်ပါတယ်။

မေး – အခုလို ကန့်သတ်မှုတွေနဲ့ ဖိနှိပ်မှုတွေကြောင့် သက်ကြီးပိုင်း နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေရော ဘယ်လိုရှိလဲ။

ဖြေ – လူငယ်၊ လူလတ်ပိုင်းတွေတောင် ထောင်ထဲကျန်းမာရေးလုံလောက်စွာ မရလို့ သေဆုံးနေကြရတာ ဖြစ်တယ်။ ထောင်ထဲက သက်ကြီးရွယ်အိုတွေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လိုမျိုး သက်ကြီးနိုင်ကျဉ်းတွေ များစွာရှိပါတယ်။

ငယ်ရွယ်သူတွေတောင် ထောင်ထဲကျန်းမာရေးစောင့်ရှောက်မှု မရလို့ ကိုယ်ခံအားကျသေဆုံးရတဲ့ အခြေအနေမျိုးမှာ သက်ကြီးနိုင်ကျဉ်းတွေအတွက်တော့ စိုးရိမ်ဖွယ်ကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်တယ်။

မေး – နောက်ဆုံးအနေနဲ့ အကျဉ်းသားတွေနည်းသူ ဖိနှိပ်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူတွေရဲ့ အခြေအနေရော ဘယ်လိုရှိလဲ။

ဖြေ – တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ နိုင်ကျဉ်းတွေ အထူးသဖြင့် သက်ကြီးနိုင်ကျဉ်းတွေ ထောင်တွင်းသေဆုံးမှုတွေ ပိုမိုများပြားလာတဲ့ အခြေအနေတစ်ခုနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောချင်ပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.