မော်လမြိုင် ၊ နိုဝင်ဘာ ၂၈

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေက ဒေသခံတွေအပေါ် အကြောင်းအ မျိုးမျိုးပြပြီး အမှုဆင်ငွေညှစ်တာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖြစ်စဉ်သိရှိသူတွေရဲ့ ပြောပြချက်အရ ရဲတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ ဆိုင်ကယ်တွေ စစ်ဆေးရာမှာ ဆိုင်ကယ်ဘောက်တွေထဲကို မူးယစ်ဆေးဝါးတွေပစ်ထည့်ပြီး အမှုဆင်ငွေညှစ်မှုတွေ ကျုးလွန်နေတာပါ။

မူးယစ်ဆေးဝါး အကြောင်းပြချက်နဲ့ အမှုဆင်ဖမ်းဆီးခံရသူတစ်ဦးလျှင် အနည်းဆုံး ကျပ်ငွေ ၁၅ သိန်းကနေ ကျပ်သိန်း ၂၀ ကျော်အထိ တောင်းခံတာတွေ ရှိနေပါတယ်။

“အဓိကကတော့ ရဲတွေပေါ့။ ရဲတွေက နည်းပေါင်းစုံနဲ့ လုပ်နေတယ်။ ဆိုင်ကယ်ဘောက် ဖွင့်ခိုင်းတယ်။ ပြီးသွားရင် ဆေးပြားတွေ့တယ်ဆိုပြီးတော့ ဆေးပြားပစ်ထည့်တယ်။ သူတို့ကိုယ်တိုင်ပဲ ပစ်ထည့်တာ။ တက္ကဆီသမားတွေဆို အများကြီးထိတယ်။ ၁၅ သိန်းတို့ သိန်း ၂၀ တို့ ပေးရတယ်။ ပိုက် ဆံပေးရင် ပြန်လွှတ်တယ်။ မပေးရင်အမှုဖွင့်တယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

အခုလို ရဲတပ်ဖွဲ့ဝင်က အမှုဆင်ငွေညှစ်မှုတွေ လုပ်ဆောင်နေတဲ့အတွက် မြို့တွင်း သွားလာဖို့တောင် စိုးရိမ်မှုရှိလာသလို သူတို့ရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို တိုင်းကြားလို့ မရတာကြောင့် ငြိမ်ခံနေရတဲ့ အခြေအနေ ဖြစ်လာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမှုဆင်ခံရပြီး ငွေကြေးပေးဆောင်ရသူတွေကိုတော့ ငွေကြေးပေးဆောင်ရတဲ့အပေါ် အပြင်မှာ ပြန်မပြောဖို့နဲ့ ပြန်ပြောပါက ဖမ်းဆီးအမှုဖွင့်ပြီး ထောင်ချသွားမယ်ဆိုကာ ခြိမ်းခြောက်တာတွေရှိတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

ရဲတပ်ဖွဲ့ အရာရှိဟောင်းတစ်ဦးကတော့ အမှုဆင်ဖမ်းဆီးငွေညှစ်မှုတွေဟာ ရဲတပ်ဖွဲ့ဝင်တိုင်း လုပ် စားနေကျတဲ့ အကွက်တွေဖြစ်ပြီး အာဏာသိမ်းကာလအတွင်း ပိုဆိုးလာတယ်လို့ ပြောပါတယ်။

တဖက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ မြို့တွင်းလှည့်လည် စစ်ဆေးတာ၊ ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေအပြင် ရွှေ့ပြောင်းလုပ်သားများတဲ့ နေရာတွေမှာ ဧည့်စာရင်း ဝင်စစ်ပြီး ငွေကြေးတောင်းခံတာတွေ ရှိနေပါတယ်။

မော်လမြိုင်မြို့ မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက လုံခြုံရေးအကြောင်းပြချက်နဲ့ နေ့စဉ်ပိတ်ဆို့ စစ်ဆေးတာတွေ ပြုလုပ်နေပေမယ့် ခိုးဆိုးလုယက်မှုတွေကို ဖော်ထုတ်အရေးယူနိုင်တာ မရှိသလောက် နည်းပါးနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.