နေပြည်တော် ၊ နိုဝင်ဘာ ၂၈

မြန်မာနိုင်ငံအတွင်း လုံခြုံရေးကုမ္ပဏီကို စစ်အုပ်စုနဲ့အတူ ပူးပေါင်းလုပ်ဆောင်မယ့် အစီအစဉ်ဟာ တရုတ်အကျိုးစီးပွားကို ကာကွယ်နိုင်စရာ အကြောင်းမရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ပြောပါတယ်။

လတ်တလောမှာ တရုတ်နဲ့ စစ်ကောင်စီအကြား အကျိုးတူပူးပေါင်းတဲ့ (Joint Venture Security Company) လုံခြုံရေးကုမ္ပဏီတည်ထောင်ဖို့ သဘောတူညီချက်တွေ ရရှိထားတဲ့အပေါ် NUG က နိုဝင်ဘာ ၂၆ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကားအစီအစဉ်မှာ ပြောဆိုခဲ့တာပါ။

စစ်ကောင်စီက တရုတ်ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားနဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို အကာ အကွယ်မပေးနိုင်တဲ့အပြင် စစ်တပ်လော်ဘီတွေရဲ့ လှုံ့ဆော်မှုကြောင့် တရုတ်အကျိုးစီးပွားနဲ့ သူတို့ နိုင်ငံသားတွေရဲ့ လုံခြုံရေးကိုပါ တိုက်ရိုက်ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် Joint Venture Security Company ကို စစ်အုပ်စုနဲ့အတူ လုပ်ဆောင်တာဟာ တရုတ်အကျိုးစီးပွားကို ကာကွယ်နိုင်စရာအကြောင်းမရှိဘူးလို့ ဦးကျော်ဇော်က ထောက်ပြပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာလူထုနဲ့ တစ်သားတည်းရပ်တည်နေတဲ့ NUG အစိုးရ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပူး ပေါင်းမှုကသာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံတဲ့ အကျိုးစီးပွားတွေနဲ့ လုပ်ငန်းလည်ပတ်မှုတွေမှာ ထိထိရောက်ရောက် အကာကွယ်ပေးနိုင်မယ်လို့ ဆိုပါတယ်။

NUG က ကြေညာထားတဲ့ တရုတ်နိုင်ငံဆိုင်ရာ မူဝါဒအရဖြစ်စေ Military Code of Conduct အရဖြစ်စေ ပြဌာန်းထားတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒအရဖြစ်စေ စစ်ရေးပစ်မှတ်မဟုတ်တဲ့ စီးပွား ရေးနဲ့ အရပ်သားဆိုင်ရာ အဆောက်အဦးတွေကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်မှာ မ ဟုတ်ဘူးလို့ ထုတ်ပြန်ထားတာပါ။

မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးနိုင်ရေး တရုတ်နဲ့ စစ်ကောင်စီအကြား အကျိုးတူလုံခြုံရေးကုမ္ပဏီတည်ထောင်ဖို့ တရုတ်အစိုးရက အဆိုပြုခဲ့ပြီး နားလည်မှုစာ ချွန်လွှာ လက်မှတ်ရေးထိုးဖို့ လုပ်ငန်းကော်မတီကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီလုပ်ငန်းကော်မတီမှာ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးကဥက္ကဌအဖြစ် တာဝန်ယူကာ အမြဲတမ်းအတွင်းဝန်၊ ဒုရဲချုပ်နဲ့ အဖွဲ့ဝင် ၁၄ ဦး ပါဝင်တယ်လို့ နိုဝင်ဘာ ၈ ရက်နေ့ ပြန်တမ်းမှာ ဖော်ပြထားပါတယ်။

လုံခြုံရေးကုမ္ပဏီကြောင့် နိုင်ငံတော်အချုပ်အခြာအာဏာ၊ကာကွယ်ရေး၊လုံခြုံရေးတို့ကို ထိပါးခြင်း ရှိ မရှိ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်မှု ရှိ မရှိ စတဲ့ အချက် ၁၂ ချက်ကို လုပ်ငန်းကော်မတီက စိစစ်သွားမယ်လို့ ဆိုပါတယ်။

NUG အစိုးရကတော့ နိုင်ငံတည်ငြိမ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေရဲ့ လုံခြုံမှုတွေကို အာမခံချက်ပေးနိုင်ဖို့ဆိုရင် မြန်မာလူထုရဲ့ဆန္ဒနဲ့ ကိုက်ညီတဲ့ နိုင်ငံရေးအဖြေတစ်ခုရရှိပြီး အကောင်အထည်ဖော် လုပ်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့ ထောက်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.