သံဖြူဇရပ်၊ နိုဝင်ဘာ ၂၈
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်နဲ့ မုဒုံမြို့နယ်က စစ်ကောင်စီတပ်စခန်း နှစ်ခု ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ NMSP AD က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ဟာ နိုဝင်ဘာ ၂၃ ရက်နေ့က သံဖြူဇရပ်မြို့ အဝင်ရှိ စစ်ကောင်စီရဲ့ ဖောင်စိန်စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာပါ။
ဖောင်စိန်စစ်ဆေးရေးဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က အရာရှိနှစ်ဦးအ ပါအဝင် သုံးဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၂၆ ရက်နေ့ကလည်း မုဒုံမြို့နယ် အဘစ်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အ မှတ် ၃၁၈ အမြောက်တပ် ဒရုန်းနဲ့ထပ်မံတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒရုန်းနဲ့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုကို မြေပြင်အခြေအနေ စုံစမ်းသိရှိမှုကနေ အတည်ပြုနိုင်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ NMSP AD ပြောခွင့်ရ နိုင်ဗညားမွန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာ၊ ခရီးသွားပြည်သူတွေကိုလည်း ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
သံဖြူဇရပ်မြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နှစ်ဖက်စစ်ရေးတင်းမာနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NMSP AD