မော်စကို၊ နိုဝင်ဘာ ၂၈
အမေရိကန်က ဂျပန်မှာ ဒုံးကျည်တွေ ချထားပါက ရုရှားလုံခြုံရေးအတွက် ခြိမ်းခြောက်မှု ဖြစ်လာမှာဖြစ်တာကြောင့် လက်တုံ့ပြန်သွားမယ်လို့ ကရင်မလင်နန်းတော်က သတိပေးလိုက်ပါတယ်။
ဖြစ်လာနိုင်ခြေရှိတဲ့ ထိုင်ဝမ် အရေးပေါ် အခြေအနေအတွက် ဒုံးကျည်တွေ ချထားမှု ပါဝင်မယ့် ပူးတွဲစစ်ရေးအစီအစဉ်ရေးဆွဲရေး အမေရိကန်နဲ့ဂျပန်တို့ ရည်ရွယ်ထားကြောင်း ဂျပန် Kyodo သတင်းဌာနက နိုဝင်ဘာ ၂၄ ရက်မှာ ဖော်ပြခဲ့ပါတယ်။
အဲဒီအစီအစဉ်အရ အမေရိကန်က ဖိလစ်ပိုင်အပြင် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကာဂိုရှီးမားနဲ့ အိုကီနာဝါဒေသ နန်ဆီကျွန်းမှာ ဒုံးကျည်တွေ ချထားမှာ ဖြစ်တယ်လို့ အမည်ဖော်ပြမထားတဲ့ အမေရိကန်နဲ့ ဂျပန်အရာရှိတွေကို ကိုးကားပြီး ဖော်ပြခဲ့တာပါ။
ဂျပန်ဟာ အမေရိကန်နဲ့ စစ်ရေး ဆက်ဆံရေး တိုးမြှင့်မှု တရားဝင် ဖြစ်လာစေရေး ထိုင်ဝမ်ကျွန်းတဝိုက် အခြေအနေတွေ အရှိန်မြင့်လာအောင် လုပ်ဆောင်နေတယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး မာရီယာ ဇာခါရိုဗာက ပြောပါတယ်။
အမေရိကန်က ဂျပန်မှာ တာလတ်ပစ် ဒုံးကျည်တွေ ချထားခဲ့မယ်ဆိုရင် မိမိတို့နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တာဖြစ်ပြီး မိမိတို့ နိုင်ငံကို ကာကွယ်ရေး လိုအပ်တဲ့၊ လုံလောက်တဲ့ တုံ့ပြန်မှုတွေ ပြုလုပ်သွားမယ်လို့ အဲဒီပြောခွင့်ရအမျိုးသမီးက ပြောဆိုသွားခဲ့တာပါ။
အမေရိကန်က ဂျပန်အပါအဝင် အာရှမှာ ဒုံးကျည်တွေ ချထားမယ်ဆိုရင် ရုရှားကလည်း အာရှမှာ တာတိုပစ်နဲ့ တာလတ်ပစ် ဒုံးကျည်တွေ ချထားမှာ ဖြစ်တယ်လို့ ရုရှား လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ ရာယက်ကော့ဗ်က နိုဝင်ဘာ ၂၅ ရက်မှာ ပြောကြားထားပါတယ်။
မိမိတို့ရဲ့ နယ်မြေ ထက်ဝက်လောက်ဟာ အာရှမှာ ရှိနေတာကြောင့် တာတိုနဲ့ တာလတ်ပစ် ဒုံးကျည်တွေကို အူရယ်ဒေသမှာ ချထားဖို့ ဖြစ်နိုင်ပြီး အမေရိကန် စစ်ရေးပစ်မှတ်တွေနဲ့ ဂြိုဟ်တုတွေကို စနစ်တကျ တုံ့ပြန်သွားမယ်ဆိုတာ ရှင်းရှင်းလင်းလင်း အသိပေးထားတယ်လို့ ပြောခွင့်ရ မာရီယာ ဇာခါရိုဗာက ဆိုပါတယ်။
ရုရှားက ယူကရိန်းမှာ အသံထက်ပိုမြန်တဲ့ ဒုံးကျည်အသစ်နဲ့ တိုက်ခိုက်ခဲ့ပြီး ဖြစ်တာကြောင့် မိမိတို့ စစ်တပ်ရဲ့ အင်အားကို လျှော့မတွက်သင့်ဘူးလို့လည်း သတိပေးထားတာဖြစ်ပါတယ်။
Ref:Reuters