“စစ်အုပ်စုနဲ့ပတ်သက်တဲ့ ငွေရေးကြေးရေး စီးမျောမှုကို အဲဒီ အကြောင်းကို Article 33 နဲ့ တင်သွင်းပြောဆိုမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက တစိုက်မတ်မတ် ကျူးလွန်တဲ့သူတွေကို သက်သေအထောက်အထားနဲ့ အပြည်ပြည်ဆိုင်ရာက တဆင့်ခုံရုံးတင်မှာ တရားရုံးတွေမှာ အပြစ်ပေးအရေးယူဖို့ကိစ္စကို ကြိုးစားလို့ ရပါတယ်” – ဦးမောင်မောင် (CTUM – ဥက္ကဌ)
ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ၃၅၂ ကြိမ်မြောက် နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ အုပ်ချုပ်မှု ကော်မတီအစည်းအဝေးမှာ စစ်ကောင်စီကို ILO အခြေခံဥပဒေ – ၃၃ အရ အရေးယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီ ညီလာခံ ဆုံးဖြတ်ချက်ဟာ အတည်ဖြစ်ပေမယ့် အခုကော်မတီ အစည်းအဝေးမှာ အရေးယူဖို့ ဆုံးဖြတ်ချက်ချဦးမှာမဟုတ်ဘဲ ၂၀၂၅ ခုနှစ် ဇွန်လကျမှ အရေးယူဖို့ စီစဉ်တာဖြစ်ပါတယ်။
အခုလိုမျိုး ILO က အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီအပေါ် အရေးယူဖို့ ဆုံးဖြတ်လာတာ ဘာသဘောကို ဆောင်ပါသလဲ။ အခုလိုဆုံးဖြတ်ချက်သာ ချမှတ်အကောင်အထည်ဖော်ခဲ့ရင် စစ်ကောင်စီအနေနဲ့ ဘယ်လို အထိနာနိုင်သလဲ။ လက်ရှိမှာရော အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ဘယ်လောက်အထိ ရှိနေသလဲဆိုတာ သိရဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ရဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်နဲ့ သံလွင်တိုင်းမ်တို့ မေးမြန်းချက် အပိုင်း ၁ ကို တင်ဆက်ပေးလိုက်ပါတယ်။
မေး – စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်သမားတွေက ဘယ်လောက်အထိ အခွင့်အရေးချိုးဖောက်ခံနေရတာမျိုးတွေ ရှိနေလဲ။
ဖြေ – ဘယ်လောက်ထိချိုးဖောက်လဲဆို စစ်ကောင်စီကအာဏာလုလိုက်တဲ့အတွက် ဒီမိုကရေစီကျတဲ့ အစိုးရအောက်မှာ မရှိဘူး။ စစ်အုပ်ချုပ်ရေးတွေ ထုတ်တဲ့အတွက် လွတ်လပ်စွာအသင်း ဖွဲ့စည်းခြင်းတွေ မရှိတော့ဘူး။ မရှိတဲ့အတွက် စစ်အုပ်ချုပ်ရေးအောက်မှာ သမဂ္ဂတွေမရှိရဘူး။ မင်းတို့သမဂ္ဂတွေ ဘာလာပြောတာလဲဆိုပြီးတော့ ဖြစ်လာမှာ။ ဒါအလုပ်သမားအခွင့်အရေး ချိုးဖောက်တာလို့ ကျွန်တော်ပြောချင်ပါတယ်။
CDM ဝန်ထမ်းကို အလုပ်ထုတ်လိုက်တာ ဒါအလုပ်သမားအခွင့်အရေး ချိုးဖောက်တာ။ CDM ဝန်ထမ်း အနည်းဆုံး အစိုးရဝန်ထမ်းတွေကိုဗျာ လုပ်သက်အနည်းဆုံး ၁၅ နှစ်ရှိတဲ့ ဝန်ထမ်းတွေကို ထုတ်လိုက်တယ်။ အလုပ်ထုတ်လိုက်တာ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာ ဖြစ်တယ်။ အာဏာသိမ်းတဲ့အချိန်အထိ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းမှု အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းရေး ဆိုတာကို ချိုးဖောက်တယ်။
နံပါတ် ၂ က CDM တွေကို အလုပ်ဖြုတ်တဲ့ကိစ္စ CDM တွေကို အလုပ်ဖြုတ်တယ်။ မောင်းချတယ်။ CDM တွေရဲ့ နိုင်ငံရေးလွတ်လပ်ပိုင်ခွင့်ကို ချိုးဖောက်တာ ဖြစ်တယ်။ ညဆိုင်းအလုပ်မဆင်းမနေရကိစ္စ အငြင်းပွားမှုဆိုလည်း တဖက်သတ်အနိုင်ပေးတဲ့ကိစ္စ အလုပ်ကခေါင်းဆောင်တွေက လိုက်နှောင့်ယှက်နေတဲ့ကိစ္စ ဒါတွေအားလုံးကို မှတ်တမ်းတင်ထားတာ ရှိပါတယ်။
စစ်တပ်က စစ်တပ်ထဲ မဝင်မနေရ အမိန့်ထုတ်တာ ချိုးဖောက်တာဖြစ်တယ်။ အဲဒါတွေ အားလုံးသည် အခြေခံအလုပ်သမားအခွင့်အရေးကို ချိုးဖောက်တာ ဖြစ်တယ်။
မေး – ILO က စစ်ကောင်စီကို အရေးယူမယ့် Article 33 ဆိုတာ ဘယ်လောက် အရေးပါလဲ။ အဲဒီအရေးယူမယ့်အစီအစဉ်က စစ်ကောင်စီကို ဘယ်လောက် ထိခိုက်နိုင်မလဲ။
ဖြေ – ၁၉၉၈-၉၉ ကလေးစစ်သားတွေကို အတင်းအဓမ္မ တပ်သားစုဆောင်းတဲ့ကိစ္စလည်း အခြေခံအလုပ်သမားအခွင့်အရေးချိုးဖောက်မှု၊ လုပ်အားချိုးဖောက်မှုအဖြစ် ကျွန်တော်တို့ လုပ်ခဲ့ပါတယ်။ တားမြစ်ချက်ကို ချိုးဖောက်တဲ့အတွက် ကမ္ဘာအလုပ်သမားအဖွဲ့ရဲ့ အခြေခံဥပဒေပုဒ်မ 33 အရ အရေးယူဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
ရှက်စရာတော့ ကောင်းပါတယ်။ ကမ္ဘာကသိတဲ့အတွက် စစ်တပ်က ဒီလိုကျုးလွန်တာ ကမ္ဘာကသိတဲ့အတွက် ရှက်ဖို့ကောင်းပါတယ်။ အရေးယူမယ်ဆို လူတွေကပြောကြတယ်။ စီးပွားရေးပျက်မယ်တို့ လျှောက်ပြောနေတယ်။ ကမ္ဘာအလုပ်သမားအဖွဲ့ရဲ့ အခြေခံဥပဒေပုဒ်မ 33 အရဆို လိုက်နာမှု မရှိတဲ့အစဉ်တစိုက်ကျူးလွန်နေတဲ့ သူတွေနဲ့မပတ်သက်ဖို့ ပြောမှာဖြစ်တယ်။
ကမ္ဘာအလုပ်သမားအဖွဲ့သည် တခြားအဖွဲ့တွေနဲ့ဘာကွာလဲဆို သူသည်သုံးပွင့်ဆိုင်ယန္တရားဖြစ်ပါတယ်။ အစိုးရရော အလုပ်ရှင်ရော အလုပ်သမားရောပါတဲ့ ယန္တရားဖြစ်တဲ့အတွက် အပြည်ပြည်ဆိုင်ရာက လာပြီး အလုပ်တွေလုပ်နေတဲ့ သူတွေက ဒီလိုချိုးဖောက်တဲ့လူတွေနဲ့ တွဲခြင်းအားဖြင့် ညစ်ညမ်းတဲ့အဆိပ်ပင်ဖြစ်တယ်။
သူတို့ရဲ့အမှတ်တံဆိပ်တွေက တစ်ကမ္ဘာလုံးမှာရောင်းတာ ဖြစ်တဲ့အတွက်ကြောင့် ဥရောပမှာရောင်းတာဖြစ်ဖြစ် သူတို့ရောင်းတာကို မဝယ်တော့ဘူးဆိုရင် သူတို့ရဲ့ဆုံးရှုံးမှုသည် စစ်အုပ်ချုပ်နဲ့တွဲလုပ်တဲ့အကျိုးမြတ်ထက် များမှာဖြစ်တဲ့အတွက် အားလုံးနောက်ပြန်ဆုတ်သွားနိုင်တယ်ဆိုတာ တင်ပြချင်တယ်။
တော်လှန်ရေးမှာ လုပ်တဲ့အဖွဲ့တွေရဲ့ ဉီးဆောင်လုပ်နေသူတွေထဲမှာ ဆုံးဖြတ်ချက်တွေ ရှိပါတယ်။ စစ်အုပ်စုနဲ့ပက်သက်တဲ့ ငွေရေးကြေးရေး စီးမျောမှုကို အဲဒီ အကြောင်းကို Article 33 နဲ့ တင်သွင်းပြောဆိုမှာ ဖြစ်ပါတယ်။
နောက်တစ်ခုက တစိုက်မတ်မတ်ကျူးလွန်တဲ့သူတွေကို သက်သေအထောက်အထားနဲ့ အပြည်ပြည်ဆိုင်ရာက တဆင့်ခုံရုံးတင်မှာ တရားရုံးတွေမှာ အပြစ်ပေးအရေးယူဖို့ ကိစ္စကို ကြိုးစားလို့ ရပါတယ်ဆိုတာကို ကျွန်တော်တင်ပြချင်ပါတယ်။
မေး – စစ်အုပ်စုတွေ ဘယ်လောက်အထိနာနိုင်လဲ။
ဖြေ – အလုပ်ရှင်၊ အလုပ်သမားအဖွဲ့ပါတဲ့ ကုလသမဂ္ဂရဲ့ အဖွဲ့တစ်ခုကနေ စစ်အုပ်ချုပ်ပေါ်မှာ အရေးယူတယ်။ ဆန်ဈေးကြီးလို့ ဆန်ကုန်သည်တွေကို ဖမ်းတဲ့ကိစ္စ ရွှေဈေးကြီးလို့ ရွေကုန်သည်တွေကို ဖမ်းတဲ့ကိစ္စ စားသောက်ဆိုင်တွေကို ဖမ်းတဲ့ကိစ္စ ဘာပဲဖြစ်ဖြစ် PDF တွေကူတယ်ထောက်ပို့လုပ်တယ် ဆိုပြီး သက်သေမပြဘဲ ဟိုတယ်ပိုင်ရှင်တွေကို ဖမ်းတဲ့ကိစ္စ၊ ဓာတ်ဆီဆိုင်တွေ ပိတ်တာ၊ ဒါတွေအားလုံးက စစ်အုပ်စုကနေ မတရားလုပ်တဲ့ကိစ္စကို တင်ပြမှာပါ။
စစ်အုပ်စုရဲ့ ကုမ္မဏီအများစု၊ မင်းအောင်လှိုင် မိသားစုနဲ့ပက်သက်တဲ့ အပြည်ပြည်ဆိုင်ရာမှာ ထားတဲ့ ငွေကြေးတွေ ဒါတွေကိုရပ်တန့်ဖို့ ကြိုးစားမှာဖြစ်ပါတယ်။ ရပ်တန့်မှသာ စစ်အုပ်စုဆီ သွားနေတဲ့ လောင်စာတွေ ရပ်မှာဖြစ်တယ်။
ကျွန်တော်တို့အတွက် အားရှိစေတာက အမေရိကန်နိုင်ငံနဲ့ အင်္ဂလန်နိုင်ငံတို့က ထုတ်ထားတဲ့ စစ်အုပ်စုရဲ့ ဘဏ်တွေကို ပိတ်ဆို့ထားတာကို ကျွန်တော်တို့က အားဖြည့်ပြီး ပိတ်ဆို့မှာ ဖြစ်ပါတယ်။ ရှိပြီးသား ဥပဒေကို ထပ်ဖြည့်ပြီးတော့ ILO ရဲ့ ဆုံးဖြတ်ချက်နဲ့ အားဖြည့်မှာ ဖြစ်ပါတယ်။ သူတို့မိသားစုရဲ့ ရောင်းဝယ်မှု လုပ်တဲ့ မတရားရရှိထားတဲ့ ငွေတွေကနေ အသုံးပြုတဲ့ဟာတွေကို ကျွန်တော်တို့ ပိတ်ဆို့ဖို့ ဆက် ကြိုးစားမှာ ဖြစ်တယ်လို့ တင်ပြချင်ပါတယ်။
ဆက်လက်တင်ပြပါမည်
သံလွင်တိုင်းမ်