နေပြည်တော် ၊ နိုဝင်ဘာ ၂၂
မြေပြင်စစ်ဆင်ရေးတွေမှာ တိုက်ခိုက်ရေးအင်အားယိုင်နဲ့လာနေတဲ့ စစ်ကောင်စီဟာ ဒရုန်းစစ်ဆင် ရေးတွေကို အရှိန်မြှင့်လာနိုင်တဲ့အတွက် တော်လှန်ရေးအဖွဲ့တွေ ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ CMD တပ်အသိုင်းအ ဝိုင်းက သတိပေးပါတယ်။
အခုနောက်ပိုင်း စစ်ကောင်စီတပ်ဟာ မြေပြင်တိုက်ပွဲထက် ဒရုန်းစစ်ဆင်ရေးတိုက်ခိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေပြီး ရှေ့တန်းစစ်မျက်နှာအထိ တွင်တွင်ကျယ်ကျယ် အသုံးပြုဖို့ ကြိုးပမ်းလာနေတာပါ။
စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်မှာ ကူမင်းမြို့ရှိ သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်မှာ ဒရုန်းတွေကို လေ့လာခဲ့သလို ချုံချင့်မြို့ရှိ ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီကိုလည်း သွားရောက်ပြီး နည်းပညာနဲ့ စက် ပစ္စည်းတွေကို ကြည့်ရှုခဲ့ပါတယ်။
ဒါပေမယ့် အဲဒါတွေဟာ လူမှုကယ်ဆယ်ရေးတွေမှာသုံးတဲ့ အဆင့်မြင့်ဒရုန်းတွေလို့ စစ်ကောင်စီဘက်က ဝါဒဖြန့်ထားတာပါ။
CDM တပ်ကြပ်ကြီးဇေယျက စစ်ကောင်စီရဲ့ ဒရုန်းတပ်ဖွဲ့တွေ မြေပြင်စစ်ကြောင်းတိုင်းမှာ တွဲပြီး ပါလာနိုင်တဲ့ အနေအထားရှိတာမို့ ဒရုန်းစစ်ဆင်ရေးကို သေချာလုပ်လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အခုနောက်ပိုင်းလည်း ကျွန်တော်တို့ဘက်က စခန်းတွေကို သူတို့ဒရုန်းတွေနဲ့လာပြီး တိုက်ခိုက်မှုတွေ ရှိလာတယ်။ နောက်ပိုင်းတွေဆိုရင် ဒရုန်းတပ်ဖွဲ့တွေက မြေပြင်စစ်ကြောင်းတိုင်းမှာ တပ်ဖွဲ့တိုင်းမှာ သူတို့တွဲပြီးပါလာနိုင်တဲ့ အနေအထားရှိတယ်။ ဒရုန်းစစ်ဆင်ရေးကို သေချာလုပ်လာနိုင်တယ်။ ကျွန်တော်တို့ PDF တွေ လုပ်ခဲ့သလိုပဲ သူတို့နောက်ကနေ လိုက်လုပ်ဖို့ ရာခိုင်နှုန်းများတာပေါ့။ အဲဒီလိုလုပ်ပြီး ပိုပြီးတော့ သုံးလာမယ်လို့ ကျွန်တော်ယူဆတယ်ထားတယ်။ အဲဒီတော့ ကျွန် တော်တို့ဘက်က ပြင်ဆင်သင့်တာ ပြင်ဆင်ထားရမှာပေါ့” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မောင်းသူမဲ့လေ ယာဉ်ဒရုန်းတွေကို သုံးပြုတိုက်ခိုက်မှုကြောင့် တပ်စခန်းရာနဲ့ချီ ဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီတပ်ကို လဲပြိုစေနိုင်လောက်တဲ့အထိ အရေးနိမ့်ခဲ့ရတာပါ။
အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုကို တိုးမြှင့်လုပ်ဆောင်ခဲ့ပေမယ့် အ ဆင့်ဆင့် စီမံကွပ်ကွဲရသလို ကုန်ကျစရိတ်လည်း များပြားတဲ့အတွက် ဒရုန်းတွေကို အသုံးပြုလာတာ ဖြစ်ပါတယ်။
မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက စစ်ကောင်စီအသုံးပြုနေတဲ့ ဒရုန်းအမျိုးအစားနဲ့ နည်းပညာတွေဟာ တရုတ်နဲ့ ရုရှားဆီက ဝယ်ယူတာဖြစ်ပြီး နောက်ပိုင်းမှာ တရုတ်ထုတ် ဒရုန်းတွေ ပိုသုံးစွဲလာတယ်လို့ ပြောပါတယ်။
“သူတို့သုံးတဲ့ ဒရုန်းတွေကတော့ ပန်ကာ လေးလုံး၊ ခြောက်လုံး၊ ရှစ်လုံးအစရှိတဲ့ ဒရုန်းတွေ သုံးတယ်။ ပြီးလို့ရှိရင် Fixed Wings တွေ သုံးတယ်။အဲဒါအပြင် Kamikaze Drone တွေလည်း နောက်ပိုင်းမှာ သုံးလာတာ ကျွန်တော်တို့ တွေ့ရတယ်။ နောက်ဆုံးလတ်တလော သူတို့သုံးတဲ့ ဒရုန်းတွေက တရုတ်ထုတ် CH -2 နဲ့ CH-4 လို့ ခေါ်တဲ့ ဒရုန်းတွေကို အသုံးများတယ်။ နည်းပညာပိုင်းဆိုင်ရာနဲ့ ဒရုန်းယာဉ်တွေကိုတော့ စစ်ကောင်စီတပ်တွေက အဓိကရှရုားနဲ့ တရုတ်ကဝယ်တာများခဲ့ပေမယ့် နောက်ပိုင်းက တရုတ်ကထုတ်တဲ့ ဒရုန်းတွေပိုပြီးသုံးစွဲတာ ကျွန်တော်တို့ တွေ့ရတယ်ဗျ” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့မှာ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဒရုန်းထုတ်လုပ်မှုအပါအဝင် အီလက်ထရောနစ် စစ်ဆင်ရေးနဲ့ လေကြောင်းရန် ကာကွယ် ရေး နည်းပညာဆိုင်ရာ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ဖို့ တရုတ်နည်းပညာကုမ္ပဏီကြီးတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာပါ။
တစ်ဘက်မှာ စစ်ကောင်စီဟာ ဒရုန်းစစ်ဆင်ရေးအတွက် လိုအပ်တဲ့ နည်းပညာတွေနဲ့စက်ပစ္စည်းတပ်ဆင်ရေးအတွက် တရုတ်နိုင်ငံမှာ သင်တန်းသားစေလွှတ်တာတွေရှိသလို ဒရုန်းတပ်ဖွဲ့ ဖွဲ့တာလည်း ရှိနေတယ်လို့ တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။
သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ရဲ့ အချက်အလက်တွေအရ အခုနှစ် ဇွန်လကနေ စက်တင်ဘာအတွင်း စစ်ကောင်စီရဲ့ ဒရုန်းတိုက်ခိုက်မှုပေါင်း ၉၈ ကြိမ် ရှိခဲ့ပြီး အရပ်သားပြည်သူ ၃၈ ဦး သေဆုံးကာ ဒဏ်ရာရသူ ၇၀ ဦး ရှိပါတယ်။
ဒါ့အပြင် ဒရုန်းတိုက်ခိုက်မှုကြောင့် အရပ်သား နေအိမ် ၃၂ လုံး၊ ဘာသာရေးအဆောက်အအုံ ၅ ခု၊ ဆေးရုံ၊ ဆေးခန်း ၂ ခု နဲ့ စာသင်ကျောင်း ၁ ကျောင်း ပျက်စီးဆုံးရှုံးခဲ့ရပြီး ရှမ်းမြောက်၊ ရခိုင်နဲ့ စစ်ကိုင်းတို့ အများဆုံးခံခဲ့ရတာပါ။
CDM ဗိုလ်ကြီး ဇင်ယော်ကတော့ စစ်ကောင်စီက တိုက်ခိုက်ရေးဒရုန်းတွေကို အသုံးပြုပေမယ့် ဒရုန်းမောင်းနိုင်တဲ့သူ နည်းပါးတာ စက်ပျက်ကျရင် အရေးယူခံရတာတွေ ရှိတဲ့အတွက် ကန့်သတ်မှုတွေ ရှိနိုင်တယ်လို့ ပြောပါတယ်။
ဒါပေမယ့်လည်း ဒရုန်းဟာ ပစ်မှတ်တိကျတဲ့အတွက် ဗုံးသီးကိုဖြုတ်ချတာနဲ့ မြေကြီးနဲ့ထိပြီး ပေါက် ကွဲတာကြောင့် တော်လှန်ရေးအဖွဲ့တွေဘက်က နေတဲ့နေရာတွေနဲ့ ဘန်ကာတွေမှာ ရော်ဘာတာယာကွင်းတွေ တပ်ဆင်ထားသင့်တယ်လို့ သူကအကြံပြုပါတယ်။
“ကျွန်တော်တို့ဘက်က Drone Guard တို့ Jumper တို့ မရနိုင်သေးဘူးဆိုရင်တောင်မှပဲ ဒရုန်းသ ဘာဝက အမြောက်ထက်ပိုပြီး တိကျတယ်။ သူကတည့်တည့်ပစ်ချရင် လေစီးကြောင်းအရသာ နည်းနည်းပါးပါး အလွဲအချော်ရှိမယ်ပေါ့။ အဲဒီတော့ တည့်တည့်ဖြုတ်ချလိုက်တာနဲ့ အောက်ကိုကွဲမယ်။ ဒရုန်းမှာတပ်ဆင်ထားတဲ့ ဗုံးသီးကလည်း ထိပ်ဖူးနဲ့မြေကြီးနဲ့ထိပြီးခါမှ ကွဲတဲ့စနစ်တွေပါတဲ့ အမြောက်ဗုံးသီးတွေကိုပဲ ပြန်သုံးထားတာပေါ့။ သီးသန့်ဗုံးသီးမရှိဘူး။ အဲဒီတော့သူတို့က ပစ်မှတ်ကို တည့်တည့်ချရင်တောင်မှပဲ ကျွန်တော်တို့မှာ Anti Drone တို့ မရှိဘူးဆိုရင်တောင်မှပဲ ရော်ဘာဘာတာယာကွင်းလိုမျိုး ဘန်ကာတွေနေတဲ့နေရာတွေမှာ တပ်ဆင်ထားသင့်ပါတယ်” လို့ ဆိုပါတယ် ။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU ဌာနချုပ် တပ်မဟာ ၇ မှာ ထိပ်ပိုင်းခေါင်းဆောင်တွေ အစည်းအဝေးပြုလုပ်နေချိန် စစ်ကောင်စီကဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒါဟာ အာဏာသိမ်းမှု လေးနှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် တိုက်ခိုက်ခံရတာလို့ KNU ဘက်က ထုတ်ပြောထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SAC Telegram