လောင်းလုံး၊ နိုဝင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ကျောက်နီမော်စခန်းကုန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့ထံမှ သိရပါတယ်။

အလင်းဝင်လာတဲ့ တပ်သား ကျော်သက်ဦးဟာ စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းခြင်းခံရပြီး သင်တန်းဆင်းပြီးနောက် ထားဝယ်မြို့နယ်အခြေစိုက် စကခ ၈ လက်အောက်ခံ ခလရ ၂၆၇ တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေရတာ ဖြစ်ပါတယ်။

အဲဒီနောက် ခလရ ၂၆၇ တပ်ရင်းမှတစ်ဆင့် လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာဘက်ကို ပို့ဆောင်ခံရချိန် နိုဝင်ဘာ ၂ ရက်နေ့မှာ နွေဦးပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်အလင်းဝင်လာတာပါ။

တပ်သား ကျော်သက်ဦးဟာ MA1 သေနတ် ၂ လက်၊ ကျည်ဘောက် ၅ ခု၊ ကျည်တောင့် ၂၄၆ တောင့်နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အလင်းဝင်လာတဲ့ ကိုကျော်သက်ဦးဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာတာကြောင့် နွေဦးပြောက်ကျားတပ်ဖွဲ့မှ ဂုဏ်ပြုဆုငွေကျပ်သိန်း ၈၀ ချီးမြှင့်ကာ ဘေးကင်းလုံခြုံတဲ့ နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ပြည်သူနဲ့ ပူးပေါင်းလိုတဲ့ စစ်ကောင်စီတပ်သားတွေကို နွေဦးပြောက်ကျားတပ်ဖွဲ့မှ အသင့်ကြိုဆိုနေပြီး လက်နက်နဲ့တကွ အလင်းဝင်လာသူကို ထိုက်သင့်တဲ့ ဂုဏ်ပြုဆုငွေ ချီးမြှင့်သွားမယ်လို့ အသိပေးထားပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ အချက်အလက်တွေအရ အခုလ သုံးပတ်အတွင်း တနင်္သာရီတိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.