ရေဖြူ၊ နိုဝင်ဘာ ၂၂

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကလိန်အောင်မြို့နယ်ခွဲမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ တပ် သား စုဆောင်းခံရတဲ့ တပ်သားတစ်ဦး ဆက်သွယ်အလင်းဝင်လာခဲ့တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် TPLF ထံက သိရပါတယ်။

ရေဖြူမြို့နယ် ကလိန်အောက်မြို့နယ်ခွဲရှိ စစ်ကောင်စီရဲ့ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ အမှတ် ၂၈၂ ခြေလျင်တပ်ရင်းမှ စစ်ကောင်စီတပ်သား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်အလင်းဝင်ခဲ့တာပါ။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ တပ်သား စိင်းလင်းကို ဖြစ်ပြီး MA3 သေနတ်တစ်လက်၊ ကျည်ဘောက်တစ်ခု၊ ကျည်တောင့် ၂၃ တို့နဲ့အတူ အလင်းဝင်လာတယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ တပ်သားစိုင်းလင်းအား ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်မှ ဂုဏ်ပြုဆုငွေ ကျပ်သိန်းငါးဆယ် ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့ကတည်းက ဆက်သွယ်အလင်းဝင်လာတာဖြစ်ပြီး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကြောင့် အခုလိုနောက်ကျပြီးမှ ထုတ်ပြန်ရတာ ဖြစ်ပါတယ်။

ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်အနေဲ့ လက်နက်ချ အလင်းဝင်ထွက်ပြေးခိုလှုံလာတဲ့ စစ်ကောင်စီတပ်သားတွေကို ညှဉ်းပန်းနှိပ်စက်မှုမှ ကင်းလွတ်ခွင့်ရစေပြီး နိုင်ငံတကာစစ်ဖက်ဆိုင်ရာ ကျင့်ဝတ်တွေ စည်းမျဉ်းစည်းကမ်းနဲ့အညီ အသက်အာမခံပေးမယ်လို့ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ဒုတိယအပတ်ကလည်း ရေဖြူမြို့နယ်အခြေစိုက် အမှတ် ၂၇၃ ခြေမြန်တပ်ရင်းနဲ့ ရေတပ်စခန်းမှ စစ်ကောင်စီတပ်သား ၆ ဦး ဒေါနတပ်ရင်းထံ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TPLF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.