မော်စကို၊ နိုဝင်ဘာ ၂၂

ရုရှားက မြောက်ကိုရီးယားသို့ အခုနှစ် မတ်လနောက်ပိုင်းမှာ ရေနံစည်ပေါင်း တစ်သန်းကျော် ထောက်ပံ့ ပို့ဆောင်ထားကြောင်း ဗြိတိန်နိုင်ငံမှာ အခြေစိုက်တဲ့ သုတေသနအဖွဲ့ Open Source Centre ရဲ့ ဂြိုဟ်တု ပုံရိပ်တွေအရ သိရပါတယ်။

ပြုံးယမ်းက မော်စကိုသို့ ပေးပို့ စေလွှတ်ထားတဲ့ လက်နက်တွေနဲ့ စစ်သားတွေအတွက် ရေနံ ပြန်လည်ပို့ဆောင်မှုဟာ ယူကရိန်းစစ်ပွဲကို လောင်စာဖြည့်ပေးတာ ဖြစ်တယ်လို့ ထိပ်သီးပညာရှင်တွေနဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်တွေ နောက်ထပ် မထုတ်လုပ်နိုင်စေဖို့ စီးပွားရေး ပိတ်ဆို့ထားချိန်မှာ မြောက်ကိုရီးယားဆီ ရေနံ မရောင်းချရေး ကုလသမဂ္ဂက နိုင်ငံတကာကို တားမြစ်ထားချိန်မှာ ရုရှားရဲ့ လုပ်ရပ်က ကုလရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၈ လအတွင်း မြောက်ကိုရီးယား ရေနံတင်ယာဉ်တွေဟာ ရုရှား အရှေ့ပိုင်းက ရေနံတွေကို စုစုပေါင်း ၄၃ ကြိမ်အထိ သယ်ယူခဲ့ကြောင်း ဂြိုဟ်တု ပုံရိပ်တွေမှာ ဖော်ပြနေပါတယ်။

ရုရှားရေနံတွေကို မြောက်ကိုရီးယားက သင်္ဘောတွေနဲ့ သယ်ယူနေကြောင်း နောက်ထပ် ဂြိုဟ်တု ပုံရိပ်တွေမှာ ထပ်မံ တွေ့ မြင်ရပါတယ်။

နိုင်ငံတကာ ဈေးကွက်မှာတော့ ရေနံတွေ မဝယ်ယူရဘူးလို့ တားမြစ်ထားတာ မြောက်ကိုရီးယား တစ်နိုင်ငံတည်း ရှိပါတယ်။

မြောက်ကိုရီးယားအနေနဲ့ နှစ်စဉ် သန့်စင်ပြီး ဓာတ်ဆီ စည်ပေါင်း ၅ သိန်း လက်ခံယူနိုင်ကြောင်း ကုလက သတ်မှတ်ထားပြီး ဒါဟာ သူတို့ လိုအပ်တဲ့ ပမဏထက် အများကြီး နည်းနေပါတယ်။

မြောက်ကိုရီးယားက ရုရှားရေနံတွေကို ၂၀၂၄ ခုနှစ် မတ်လက စတင်ပြီး လက်ခံ ရယူခဲ့ကြောင်း ဂြိုလ်တု ပုံရိပ်တွေမှာ ဖော်ပြနေပါတယ်။

မော်စကိုနဲ့ ပြုံးယမ်းကြား ဆက်ဆံရေး အားကောင်း ခိုင်မာလာချိန်မှာ ရုရှားသို့ မြောက်ကိုရီးယား စစ်သားတွေ စေလွှတ်ထားပြီး ယူကရိန်းကို တိုက်ခိုက်ရေး လက်နက်တွေလည်း ထောက်ပံ့ထားပါတယ်။

အဲဒီ နှစ်နိုင်ငံကြား အပြန်အလှန် အပေးအယူလုပ်မှုဟာ ကိုရီးယား ကျွန်းစွယ်၊ ဥရောပနဲ့ အင်ဒို-ပစိဖိတ် လုံခြုံရေးကို ထိခိုက်စေတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.