နောင်ချို၊ နိုဝင်ဘာ ၂၂

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးပတ်အတွင်း အရပ်သား ၁၇ ဦး သေဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA က နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၂၁ ရက်နေ့အထိ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့သလို နေအိမ် အများအပြား ပျက်စီးခဲ့တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ နောင်ချိုမြို့နယ် ကုန်းကြီးကျေးရွာကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကုန်းကြီးကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဝန်းထဲရှိ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အလားတူ ည ၁၂ နာရီအချိန်ခန့်မှာလည်း ကံကြီးကျေးရွာကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ သုံးကြိမ် လာရောက်ဗုံးကြဲခဲ့ရာ ပေါင် ၅၀၀ ဗုံးတစ်လုံးဟာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ အမျိုးသားတစ်ဦး ထိမှန်သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိဖို့ရှိ၊ လူစုလူဝေးမပြုလုပ်ကြဖို့နဲ့ လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်တွေကို လိုက်နာကြဖို့ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ပြည်သူ ၃၄ ဦးသေဆုံးခဲ့ပြီး ၈၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.