ဘုရားသုံးဆူ၊ နိုဝင်ဘာ ၂၁
ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာ မိသားစုဝင်သုံးဦး ရက်ရက်စက် စက် အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဘုရားသုံးဆူမြို့ အမှတ် ၂ ရပ်ကွက်ရှိ လျှပ်စစ်ဝန်းထမ်းတန်းလျားမှာ နေထိုင်တဲ့ ကျောင်းဆရာမနဲ့တူဖြစ်သူအပါအဝင် သူရဲ့အဖေတို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့ ညပိုင်းမှာ အမည်မသိလူတစ်စုက ကားနဲ့လာရောက်ခေါ်ဆောင်သွားခဲ့တာပါ။
အဲဒီနောက် နိုဝင်ဘာ ၂၀ ရက်နေ့ မနက်အစောပိုင်းမှာ အသက် ၃၆ နှစ်အရွယ် ကျောင်းဆရာမ ဒေါ်သိမ့်သိမ့်သူ၊ အသက် ၆ နှစ်အရွယ် မူလတန်းကျောင်းသား မောင်စိုင်းဝဏ္ဏထွန်းနဲ့ အသက် ၆၉ နှစ်အရွယ် ဦး ကျော်သိန်းမောင်ခေါ် ဦးရခိုင်တို့သုံးဦးကို ဘုရားသုံးမြို့မှ မက္ကသာကျေးရွာကိုသွားတဲ့ နွားစာမြက်စိုက်ခင်းဘေးက ရော်ဘာခြံမှာ လည်ပင်းပြတ်တောက်ဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန် လည်တွေ့ရှိခဲ့တာပါ။
ဒေသခံတွေရဲ့ ပြောပြချက်အရ ဒေါ်သိမ့်သိမ့်သူဟာ ဝမ်းဗိုက်နဲ့လည်းပင်မှာ ဓားနဲ့ထိုးသွင်းဒဏ်ရာ၊ တူဖြစ်သူမှာ ဦးခေါင်းဒဏ်ရာနဲ့ ဝမ်းဗိုက်ဒဏ်ရာ၊ အဖေဖြစ်သူမှာ လည်းပင်ပြတ်တောက် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာပါ။
ဒေါ်သိမ့်သိမ့်သူဟာ ဓမ္မဟေဝန်ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး ဦးကျော်သိန်းမောင်ကတော့ လျှပ်စစ်ဝန်ထမ်းဟောင်းဖြစ်ပြီး သူတို့သုံးဦးကို ဘာအကြောင်းကြောင့် အခုလိုသတ်ဖြတ်သွားလဲဆိုတာတော့ မသိသေးပါဘူး။
ဘုရားသုံးဆူမြို့ဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေမှာရှိပြီး လက်ရှိမြို့ရဲ့ အုပ်ချုပ်ရေးပိုင်းကို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA က အဓိက စိုးမိုးထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဘုရားသုံးဆူမြို့မှာ လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံ သွားလာလှုပ်ရှားနေပြီး ရာဇဝတ်မှု ခိုးဆိုးလုယက်မှုနဲ့ သတ်ဖြတ်မှုတွေ မကြာခဏ ဖြစ်ပေါ်နေပေမယ့် တရားခံကို ဖော်ထုတ်အရေးယူနိုင်တာ မရှိဘူးလို့ မြို့ခံတွေက ပြောကြပါတယ်။
တဖက်မှာလည်း ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းက တရုတ်နိုင်ငံသား အများအပြားဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ အကူအညီနဲ့ ဘုရားသုံးဆူမြို့ကို ပြောင်းရွှေ့အခြေချလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ