စင်ကာပူ နိုဝင်ဘာ ၂၁

မြန်မာစစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ အာဆီယံအဖွဲ့ ကျောထောက်နောက်ခံပြုထားတဲ့ အဓိက အခြေခံမူတွေကို အားနည်းစေတယ်လို့ စင်ကာပူ ကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်ပြီး အာဆီယံကို စစ်ကောင်စီအနေနဲ့ ကိုယ်ကျိုးအတွက် အသုံးမချဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေက ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်အတွင်း မိမိတို့ အားထည့် ကြိုးပမ်း တည်ဆောက်ထားခဲ့တဲ့ အာဆီယံ ဗဟိုကျမှုကို အားလျော့စေနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ စင်ကာပူ ကာကွယ်ရေး ဝန်ကြီး ဒေါက်တာ အမ် အန်းဟန်က ပြောကြားလိုက်ကြောင်း အဲဒီဌာနရဲ့ နိုဝင်ဘာ ၂၀ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လာအိုမှာ ကျင်းပတဲ့ ၁၈ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ADMM မှာ ဝန်ကြီး ဒေါက်တာ အန်းက ရလဒ်တစ်ခုအနေနဲ့ အာဆီယံရဲ့ ကာကွယ်ရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အမြင့်မားဆုံး ယန္တရားဟာ ယုံကြည် စိတ်ချရမှု ဆုံးရှုံးသွားနိုင်တယ်လို့ ပြောကြားထားပါတယ်။

အာဆီယံရဲ့ ဗဟိုကျမှုဆိုတာက ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ သံတမန်ရေးမှာ ဦးဆောင်တဲ့ အခန်းကဏ္ဍကို ထိန်းသိမ်းမယ့် အခြေခံမူတွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာမှာ ထုတ်ပြန်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေး အာဆီယံ ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ကိုက်ညီမှု မရှိဘူးလို့ ဝန်ကြီး ဒေါက်တာ အန်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြဿနာကြောင့် အာဆီယံရဲ့ဆုံးဖြတ်ချက် ချမှတ်တဲ့ အပိုင်းကို မထိခိုက်စေသင့်ဘူးလို့ သူက ဖြည့်စွက် ပြောကြားထားပေမယ့် အသေးစိတ်ကို ပြောဆိုထားတာ မတွေ့ရပါဘူး။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် အဆုံးသတ်ရေး မျှော်လင့်နေကြပေမယ့် အာဆီယံ ၁၀ နိုင်ငံ သဘောတူခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက ဥပေက္ခာ ပြုထားပါတယ်။

စစ်ကောင်စီအနေနဲ့ သူတို့ရဲ့ နိုင်ငံရေး လက်စားချေမှုအတွက် အာဆီယံကို အသုံးမချဖို့နဲ့ သူတို့ရဲ့ ကိုယ်ပိုင် ရည်ရွယ်ချက်တွေအတွက် ADMM ကို အသုံးမချဖို့ ဝန်ကြီး ဒေါက်တာ အန်းက ပြောကြားထားတာဖြစ်ပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.