ကုလသမဂ္ဂ၊ နိုဝင်ဘာ ၂၁

ဟားမာ့စ်နဲ့ အစ္စရေးစစ်ပွဲ ရပ်တန့်စေဖို့ နိုင်ငံတကာရဲ့ အရေးယူ ဆောင်ရွက်မှုကို တစ်ခါထပ်ပြီး တားဆီးတဲ့အနေနဲ့ အမေရိကန်က ဂါဇာမှာ အပစ်အခတ် ရပ်စဲရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို နိုဝင်ဘာ ၂၀ ရက်မှာ ဗီတို အာဏာသုံးပြီး ပယ်ချခဲ့တာကြောင့် သမ္မတ ဘိုင်ဒန်အစိုးရဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဓားစာခံတွေ ပြန်လွှတ်ပေးရေး သီးခြား တောင်းဆိုထားပြီး ၁၃ လကြာခဲ့ပြီဖြစ်တဲ့ စစ်ပွဲကို ချက်ချင်း ခြွင်းချက် မရှိ အမြဲတမ်း အပစ်ရပ်ရေး တိုက်တွန်းတဲ့ အမြဲတမ်းအဖွဲ့ဝင် ၁၀ နိုင်ငံရဲ့ အဆိုကို အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်တဲ့ လုံခြုံရေးကောင်စီမှာ မဲခွဲ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

အမြဲတမ်းအဖွဲ့ဝင် ဖြစ်တဲ့ အမေရိကန် တစ်နိုင်ငံတည်းက အဲဒီ ဆုံးဖြတ်ချက်ကို ကန့်ကွက်ပြီး ဗီတိုအာဏာနဲ့ ပယ်ချခဲ့တာ ဖြစ်ပါတယ်။

ဝါရှင်တန်အနေနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ဓားစာခံတွေ ချက်ချင်း လွှတ်ပေးရေး အထူးတလည် တောင်းဆိုမှု ပါဝင်တဲ့ ဆုံးဖြတ်ချက်ကိုပဲ ထောက်ခံမှာ ဖြစ်ကြောင်း ကုလဆိုင်ရာ အမေရိကန် လက်ထောက်သံအမတ်ကြီး ရောဘက် ဝု့ဒ်က ပြောကြားခဲ့ပါတယ်။

အခု ဆုံးဖြတ်ချက်မှာ အဲဒီ လိုအပ်ချက် ပါဝင်မှု မရှိတာကြောင့် အမေရိကန်က မထောက်ခံတာ ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောကြားထားပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၄၀၀၀ သေဆုံးခဲ့ပြီး ကမ်းမြောင်ဒေသ တစ်ခုလုံးမှာရှိတဲ့ လူတွေ အားလုံး အနည်းဆုံး တစ်ကြိမ်တော့ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ အစ္စရေး တောင်ပိုင်းသို့ ဟားမာ့စ် တိုက်ခိုက်ရေးသမားတွေ ဝင်ရောက် တိုက်ခိုက်ပြီး ဓားစာခံ ၂၅၀ ကျော်ကို ဖမ်းဆီးသွားပြီးနောက် အစ္စရေးက ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။

အယ်လ်ဂျီးရီးယား၊ ဂျပန်၊ အီကွေဒေါ၊ ဂူယာနာ၊ မောလ်တာ၊ မိုဇမ်ဘစ်၊ တောင်ကိုရီးယား၊ ဆီရီယာလီယွန်၊ စလိုဗေးနီးယားနဲ့ ဆွစ်ဇာလန်တို့ အဆိုပြုတဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတို အာဏာသုံးပြီး ပယ်ချခဲ့တာကြောင့် ဘိုင်ဒန် အစိုးရကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက ပြစ်တင် ဝေဖန်နေကြပါတယ်။

လူဦးရေ ၂ ဒသမ ၃ သန်းရှိတဲ့ ဂါဇာမှာ အငတ်ဘေးနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ကြောင်း စားနပ်ရိက္ခာ ကျွမ်းကျင်သူတွေက သတိပေးထားပြီး အခုလို အမေရိကန်က ဗီတိုအာဏာ သုံးတာကြောင့် စိတ်ပျက်မိကြောင်း လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက ပြောကြားထားကြပါတယ်။

Ref: AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.