လားရှိုး၊ နိုဝင်ဘာ ၂၀
ကိုးကန့်အဖွဲ့ MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်အာဏာပိုင်တွေ ထိန်းသိမ်းထားမှုအပေါ် နွေဦးတော်လှန်ရေးအရှိန်အဟုန်ကို နှောင့်နှေးသွားနိုင်စေတဲ့ ရိုက်ခတ်မှုတွေ ရှိနိုင်မလားဆိုတဲ့ မေး ခွန်းတွေ ရှိနေပါတယ်။
စစ်ကောင်စီတပ်ကို အင်အားအရရော စိတ်ဓာတ်ရေးရာအရပါ ရိုက်ချိုးပြီး စစ်တပ်သမိုင်းကို တဆစ်ချိုးပြောင်းလဲပေးခဲ့တဲ့ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးမှာ MNDAA ဟာ တိုင်းစစ်ဌာနချုပ်အခြေစိုက် လားရှိုးမြို့ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းမှာ တရုတ်နိုင်ငံခြားရေးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းနဲ့ ဖုန်တာရွှင်တို့ ယူနန်ပြည်နယ်မှာ ဆွေးနွေးမှုအပြီး တရုတ်အာဏာပိုင်တွေက ပြန်မလွှတ်တော့ဘဲ နေအိမ်အကျယ်ချုပ်ထားထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာနေတာပါ။
ဒါပေမယ့် လောဆယ်မှာ MNDAA ဘက်က တရားဝင် အတည်ပြုကြေညာတာ မရှိသေးသလို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကနေလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က တရုတ်အနေနဲ့ မင်းအောင်လှိုင်အတွက် တိုင်းရင်းသားခေါင်းဆောင်တွေကို ဖိအားပေးတာဖြစ်ပြီး MNDAA အနေနဲ့ လားရှိုးကနေ မဆုတ်မချင်း ဖုန်တာရွှင်ကို အကျယ်ချုပ်အဖြစ် ထားမယ်လို့ သုံးသပ်ပါတယ်။
“အဓိကအားဖြင့်တော့ ဖုန်တာရွှင်ကို လားရှိုးကနေပြီးတော့ ပြန်ဆုတ်ပေးဖို့ သူတို့ (တရုတ်) တောင်းဆိုဖိအားပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါကတရုတ်ပြည်အနေနဲ့ သူတတ်နိုင်သလောက် မင်းအောင်လှိုင်အတွက် တိုင်းရင်းသားခေါင်းဆောင်တွေ တိုင်းရင်းသားအင်အားစုတွေကို ဖိအားပေးတဲ့အထဲက အချက်အလက်တစ်ခုပါ။nအခုလည်း ဖြတ်ငါးဖြတ်လုပ်ထားတယ်။ လားရှိုးကနေ MND AA ဆုတ်မပေးမချင်း သူ့ကိုတော့ အကျယ်ချုပ်အဖြစ် ထားမယ်လို့ ကျွန်တော်တော့ ယူဆတယ်။ အဲဒါဟာ ကောလာဟလဆိုသော်ငြားလည်း အမှန်ဖြစ်နိုင်တယ်လို့ ယုံကြည်ပါတယ် ခင်ဗျ”လို့ ဆိုပါတယ်။
ဩဂုတ်လဆန်းမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးပြီးနောက်ပိုင်း တရုတ်အစိုးရဟာ MNDAA အပါအဝင် စစ်ကောင်စီကို တော်လှန်နေတဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တိုက်ပွဲရပ်တန့်ဖို့ ဖိအားပေးခဲ့တာပါ။
MNDAA ကို ရေ၊ လျှပ်စစ်မီး၊ အင်တာနက်၊ စက်သုံးဆီ၊ အစားအသောက်၊ ဆေးဝါး၊ ဖြတ်သန်းသွားလာခွင့်စတဲ့ ဖြတ် ၅ ဖြတ်နဲ့ တရုတ်အစိုးရက ပိတ်ဆို့ထားပြီး လားရှိုးမြို့ကနေ မဆုတ်မခြင်း ရုတ်သိမ်းပေးမှာ မဟုတ်ဘူးလို့ “ဝ” ခေါင်းဆောင်ကနေတဆင့် ပြောကြားထားတာပါ။
တရုတ်ရဲ့ ပိတ်ဆို့ အရေးယူမှုတွေကြောင့် MNDAA အနေနဲ့ NUG နဲ့ စစ်ရေးနိုင်ငံရေးအရ ပူးပေါင်းမှာ မဟုတ်ဘဲ အပစ်ခတ်ရပ်စဲပြီး နိုင်ငံရေးလမ်းစဉ်နဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ စက်တင်ဘာမှာ နိုင်ငံရေးရပ်တည်ချက်ကို ကြေညာခဲ့ပါတယ်။
အဲဒီနောက်ပိုင်း MNDAA ဟာ စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်တဲ့ လှုပ်ရှားမှုတွေ မတွေ့ရတော့ပေမယ့် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာခြင်းမရှိတဲ့အတွက် အဖွဲ့ခေါင်း ဆောင်ကို အကျပ်ကိုင်တဲ့သဘောလို့ သုံးသပ်တာလည်း ရှိနေတာပါ။
တစ်ဘက်မှာ ရှမ်းမြောက်ဟာ တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့အပြင် တရုတ်အစိုးရဘက်က လက် လှမ်းမီတဲ့ နယ်ပယ်ဖြစ်နေတာကြောင့် စစ်ရေးအရဖိအားပေးမှုတွေ ဆက်လက်တိုးမြှင့်လာနိုင်တယ်လို့ ယူဆချက်တွေလည်း ရှိနေပြန်ပါတယ်။
ဦးသန်းစိုးနိုင်ကတော့ တရုတ်ဘက်က ရှမ်းမြောက်မှာ ဘယ်လိုမျိုးပဲလုပ်လုပ် လာမယ့်ကာလအ တွင်း အညာဒေသမှာ စစ်ရေးတိုက်ပွဲတွေ ပိုပြင်းထန်လာလိမ့်မယ်လို့ သူ့အမြင်ကို ပြောပါတယ်။
“ရှမ်းမြောက်မှာ တရုတ်ဘာတွေပဲလုပ်လုပ် နွေဦးတော်လှန်ရေးကတော့ အချိန်ကို တစ်စုံတစ်ရာ နှောင့်နှေးသွားတဲ့အကြောင်းအချက်အလက်တချို့ ရှိနိုင်ပေမယ့် ဆက်ပြီးတော့ တိုက်ပွဲဝင်သွားမယ့် အနေအထားဖြစ်တယ်။ အထူးသဖြင့် လာမယ့်ကာလတွေအတွင်း အညာဒေသမှာ စစ်ရေးတိုက်ပွဲတွေ ပိုပြီးတော့ ပြင်းထန်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်ခင်ဗျာ”လို့ ဆိုပါတယ်။
ညီနောင်မဟာမိတ်အဖွဲ့ဝင် MNDAA ဦးဆောင်ပါဝင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းမြောက်ရှိ မြို့ ပေါင်း ၂၀ ကျော်ကို စစ်ကောင်စီလက်လွှတ်ခဲ့ရသလို စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးတိုက်ပွဲအရှိန်အဟုန်ကိုလည်း မြှင့်တင်ပေးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာလည်း ညီနောင်အဖွဲ့ဝင် TNLA နဲ့ ပူးပေါင်းအဖွဲ့တွေက မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ နယ်၊ တွင်းငယ်ရွာက စစ်ကောင်စီရဲ့ တပ်မတော်တန်းမြင့်သင်တန်းကျောင်း (တကက ၁၃) ကို ဝိုင်း ဝန်းပိတ်ဆို့ ထားပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာပါ။
တစ်ဘက်မှာ MNDAA နဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ကလည်း နိုင်ငံ့အလယ်ပိုင်း အညာဒေသမှာ တပ်ရွှေ့အခြေချပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်လာနိုင်တော့မယ်လို့ အဖွဲ့ခေါင်းဆောင်က ထုတ်ပြောထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MNDAA