“ရှမ်းမြောက်မှာ တရုတ်ဘာတွေပဲ လုပ်လုပ် နွေဦးတော်လှန်ရေးကတော့ နှောင့်နှေးသွားတဲ့အချက် တချို့ရှိနိုင်ပေမယ့်
ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားမယ့် အနေအထားဖြစ်တယ်။ အထူးသဖြင့် အညာဒေသမှာ စစ်အေးတိုက်ပွဲတွေ ပိုပြီးတော့ ပြင်းထန်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်” – ဦးသန်းစိုးနိုင်
ကိုးကန့်တပ်ဖွဲ့ MNDAA ခေါင်းဆောင် ဦးဖုန်တာရွှင်ကို တရုတ်အစိုးရ ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေ အခုရက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီသတင်းတွေကို MNDAA ဘက်က အတည်မပြုသလို တရုတ်အစိုးရဘက်ကလည်း မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ်။
တကယ်လို့သာ ဦးဖုန်တာရွှင်ကို တရုတ်ဘက်က အကျယ်ချုပ်ထားတာ မှန်ခဲ့မယ်ဆိုရင် ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးနဲ့ မြန်မာပြည်တလွှားက နွေဦးတော်လှန်ရေးအပေါ် ဘယ်လောက် ရိုက်ခတ်မှုရှိနိုင်ပါမလဲ။ တရုတ်ဘက်က အခုလိုမျိုး တိုင်းရင်းသားခေါင်းဆောင်တစ်ယောက်ကို အကျယ်ချုပ်ထားတာ ဘယ်လိုသဘောဆောင်ပါသလဲ။ ရှေ့ဆက်ပြီး တရုတ်ဘက်က ဘယ်လိုအကျပ်ကိုင်မှုတွေ လုပ်ဆောင်နိုင်ပါသလဲ။ ဒီဖြစ်စဉ်နောက်ပိုင်း နွေဦးတော်လှန်ရေး အလားအလာ ဘယ်လိုရှိနိုင်သလဲဆိုတာသိရဖို့ မြန်မာ့အရေးလေ့လာသူ ဦးသန်းစိုးနိုင်ကို သံလွင်တိုင်းမ်က အခုလိုပဲ မေးကြည့်ထားပါတယ်။
မေး – MNDAA ခေါင်းဆောင် ဦးဖုန်တာရွှင်ကို တရုတ်ဘက်က အကျယ်ချုပ် ဖမ်းဆီးထားလိုက်ပြီ ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ဆရာ့ရဲ့ အမြင်ကို သိပါရစေ။
ဖြေ – တရုတ်ကတော့ သူ့နယ်စပ်မှာ ဆက်စပ်နေတဲ့ တိုင်းရင်းသားလက်နက်အဖွဲ့အစည်းတွေကို စစ်ကောင်စီ မင်းအောင်လှိုင် အလိုကျ ဖိအားပေးတဲ့နေရာမှာ တဖြည်းဖြည်းနဲ့ တရစ်ရစ်နဲ့ တိုးလာမယ့် သဘောရှိပါတယ်။ ဖုန်တာရွှင်ပိုင်တဲ့ ဟိုတယ်တွေကလည်း တရုတ်ပြည်ထဲရှိတဲ့အခါကျတော့ သူတို့တရုတ်ပြည်ဘက်ပြန်ရင် တရုတ်အစိုးရက အချိန်မရွေး ဖမ်းနိုင်တဲ့ အခြေအနေရှိပါတယ်။ အခု ဒီသတင်းက ကောလာဟလဆိုသော်လည်း ဖြစ်နိုင်တဲ့ သတင်းဖြစ်တယ်။
အဓိကအားဖြင့် ဖုန်တာရွှင်ကို လားရှိုးကနေ ပြန်ဆုတ်ပေးဖို့ ဖိအားပေးလိမ့်မယ်လို့ ယူဆရပါတယ်။ တရုတ်ပြည်အနေနဲ့ သူတတ်နိုင်သလောက် မင်းအောင်လှိုင်အတွက် တိုင်းရင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသားအင်အားစုတွေကို ဖိအားပေးတဲ့အထဲက အချက်တစ်ခုပေါ့။
လားရှိုးကနေ MNDAA ကို ဆုတ်ပေးဖို့ သူ့ကိုအကျယ်ချုပ်အဖြစ် ထောင်ထဲချပါမယ်။ အဲဒါဟာ ကောလာဟလဆိုသော်လည်း အမှန်ဖြစ်နိုင်တယ်လို့လည်း ယုံကြည်ပါတယ်။
မေး – တရုတ်ဘက်က အရင်ကလည်း နယ်စပ်ဂိတ်တွေပိတ်ထားတာ၊ ဖြတ် ၅ ဖြတ်လုပ်ထားတာတွေအပြင် အခုလိုမျိုး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တစ်ယောက်ကို ဖမ်းလိုက်တာရဲ့ နောက်ဆက်တွဲက နွေဦးတော်လှန်ရေးအပေါ် ရိုက်ခတ်မှု ဘယ်လိုရှိမလဲ။
ဖြေ – လားရှိုးကို MNDAA သိမ်းတာနဲ့ ပက်သက်လို့ သိမ်းတာမလိုချင်ဘူး MNDAA နောက်ဆုတ်ပေးရမယ်။ အဲဒီ ကိစ္စကို မလုပ်မချင်းတော့ သူတို့သက်ဆိုင်ရာခေါင်းဆောင်တွေကို ဖိအားပေးတာတွေ လုပ်နေဦးမှာပဲ။ ရှေ့ဆက်လည်း ပိုပိုပြီး ဆိုးဝါးတာတွေ ဖြစ်လာနိုင်တယ်။
မေး – ဒီထက်ပိုဆိုးတဲ့အခြေအနေမျိုး ဖြစ်လာနိုင်မလား။ လားရှိုးလိုမျိုး ကိုးကန့်အဖွဲ့က သိမ်းထားတဲ့ မြို့တွေကို စစ်ကောင်စီကို ပြန်အပ်လိုက်တာမျိုး ဖြစ်လာခဲ့ရင် ရှမ်းမြောက်မှာ စစ်ရေးအခြေအနေ ဘယ်လိုဖြစ်လာနိုင်မလဲ။
ဖြေ – ဒါကတော့ သူတို့ဘက်ကတော့ ကြိုးပမ်းနေဦးမှာပဲ။ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့အစည်းတွေကတော့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကို ဆက်လက်ခုခံနေဦးမှာပဲ။ ဒါကြောင့် ရှမ်းမြောက်ဟာ တရုတ်နယ်စပ်ဖြစ်နေတဲ့အတွက် စစ်ရေးအရ ဖိအားပေးမှုတွေလည်း ဆက်လက်တိုးနေဦးမယ်လို့ ထင်ပါတယ်။
မေး – ဒီလိုအခြေအနေမျိုးမှာ NUG နဲ့ တခြား EAO အဖွဲ့တွေက စစ်အာဏာရှင် တော်လှန်ရေးကိစ္စတွေကို ဘယ်လိုဆက်လက်ဆောင်ရွက်သင့်တယ်လို့ မြင်လဲ။
ဖြေ – သူတို့ကတော့ သူတို့လုပ်သင့်တာ ဆက်လုပ်နေဦးမှာပဲ။ အခုရှမ်းမြောက်စစ်ဆင်ရေးကို ဆက်လက်ပြီးတော့ TNLA နဲ့အညာဒေသမှာ စစ်အင်အားတိုးမြှင့်နေပြီး တိုက်ပွဲတွေ ဆင်နွဲလာတာ မြင်ရပါတယ်။
ဒါကြောင့် ရှမ်းမြောက်မှာ တရုတ်ဘာတွေပဲ လုပ်လုပ် နွေဦးတော်လှန်ရေးကတော့ နှောင့်နှေးသွားတဲ့အချက် တချို့ရှိနိုင်ပေမယ့်ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားမယ့် အနေအထားဖြစ်တယ်။ အထူးသဖြင့် အညာဒေသမှာ စစ်အေးတိုက်ပွဲတွေ ပိုပြီးတော့ ပြင်းထန်လာလိမ့်လို့ မျှော်လင့်ရပါတယ်ခင်ဗျ။
သံလွင်တိုင်းမ်