ဗီယင်နာ၊ နိုဝင်ဘာ ၂၀

အီရန်ဟာ သူတို့ရဲ့ နျူကလီးယားစီမံကိန်းတွေ ထိန်းချုပ်ရေး နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေကို အာခံပြီး လက်နက် ထုတ်လုပ်နိုင်တဲ့ အဆင့်နီးပါးရှိ ယူရေနီယံတွေ တိုးမြှင့် ထုတ်လုပ်နေတဲ့အကြောင်း ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေးအေဂျင်စီရဲ့ လျှို့ဝှက်အစီရင်ခံစာမှာ တင်ပြချက်ကို အေပီ သတင်းဌာနက နိုဝင်ဘာ ၁၉ ရက်မှာ သတင်းဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ IAEA ရဲ့ အစီရင်ခံစာမှာ အီရန်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်အထိ ၆၀ ရာခိုင်နှုန်း သန့်စင်မှု ရှိတဲ့ ယူရေနီယံ ၄၀၁ ဒသမ ၉ ပေါင် ထုတ်လုပ်ထားပြီး သြဂုတ်လမှာ နောက်ဆုံးအစီရင်ခံစာ ထုတ်ပြန်ချိန်ကထက် ၃၈ ဒသမ ၈ ပေါင် ပိုများလာတယ်လို့ ဖော်ပြထားပါတယ်။

အီရန် ထုတ်လုပ်ထားတဲ့ ယူရေနီယံတွေဟာ ၆၀ ရာခိုင်နှုန်းအထိပဲ သန့်စင်မှု ရှိတာကြောင့် လက်နက်ထုတ်လုပ်ရေး လိုအပ်တဲ့ သန့်စင်မှု ၉၀ ရာခိုင်နှုန်း ပြည့်ဖို့ နောက်ထပ် သန့်စင်ရဦးမှာ ဖြစ်ပါတယ်။

၆၀ ရာခိုင်နှုန်း သန့်စင်ထားတဲ့ ယူရေနီယံ ၉၂ ဒသမ ၅ ပေါင်ဟာ ၉၀ ရာခိုင်နှုန်းအထိ သန့်စင်နိုင်မယ်ဆိုရင် နျူကလီးယားလက်နက် တစ်ခု ထုတ်လုပ်ဖို့ သီအိုရီအရ ဖြစ်နိုင်တယ်လို့ IAEA က ပြောပါတယ်။

ဂါဇာ စစ်ပွဲ တစ်နှစ်ကျော် ကြာပြီးနောက် အီရန်နဲ့ အစ္စရေးတို့ အပြန်အလှန် တိုက်ခိုက်နေတဲ့ အခုလို အရေးကြီးတဲ့ အချိန်မှာ အဲဒီအစီရင်ခံစာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီလို ရှုပ်ထွေးနေတဲ့ အချိန်မှာ ဒေါ်နယ် ထရန့် ရွေးကောက်ပွဲ အနိုင်ရထားတာကြောင့် အမေရိကန်အစိုးရသစ်နဲ့ အီရန်တို့ ဘယ်လို စေ့စပ်ကြမလဲ၊ စေ့စပ်မှုရော ရှိပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

ထရန့်ရဲ့ ပထမရာထူး သက်တမ်းအတွင်း အီရန်အပေါ် ဖိအား အများဆုံးပေးတဲ့ မူဝါဒကို ကျင့်သုံးခဲ့တာကြောင့် ပြဿနာများတဲ့ ကာလ ဖြစ်ခဲ့ပါတယ်။

အဲဒီတုန်းက သမ္မတ ထရန့်က အီရန်နဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ ချုပ်ဆိုထားတဲ့ နျူကလီးယား သဘောတူညီမှုကနေ အမေရိကန်ကို တစ်ဖက်သတ် နုတ်ထွက်ခိုင်းပြီး အီရန်အပေါ် အရေးယူ ပိတ်ဆို့မှုတွေ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့သလို အီရန် ထိပ်တန်းဗိုလ်ချုပ် တစ်ဦးကိုလည်း လုပ်ကြံ သတ်ဖြတ်ဖို့ ညွှန်ကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က IAEA ရဲ့ တီဟီရန် ခရီးစဉ်အတွင်း အီရန်က သူတို့ရဲ့ ယူရေနီယံတွေကို ၆၀ ရာခိုင်နှုန်း ထက်ကျော်လွန်ပြီး သန့်စင်မှု မလုပ်ပါဘူးလို့ ပြောကြားထားပါတယ်။

အီရန်က သူတို့ရဲ့ နျူကလီးယား စီမံကိန်းဟာ ငြိမ်းချမ်းရေး အတွက်ပဲ ဖြစ်တယ်လို့ ပြောဆိုထားပေမယ့် နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ အရှိန်မြှင့် ကြိုးပမ်းနေတယ်လို့ အနောက်နိုင်ငံတွေက သံသယ ရှိနေကြတာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ အီရန်တို့ကြား နျူကလီးယားဆိုင်ရာ သဘောတူညီမှုအရ အီရန်ကို ယူရေနီယံ ၃ ဒသမ ၆၇ ရာခိုင်နှုန်းအထိပဲ သန့်စင်ခွင့် ပေးထားခဲ့တာ ဖြစ်ပါတယ်။

ဒီသတ်မှတ်ချက်ကို လိုက်နာရင် အီရန်အပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးဖို့ အင်အားကြီး နိုင်ငံတွေက သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.