မော်စကို၊ နိုဝင်ဘာ ၂၀
ယူကရိန်းက အမေရိကန် ထောက်ပံ့ထားတဲ့ တာဝေးပစ် ဒုံးကျည်တွေနဲ့ ရုရှား နယ်နိမိတ်ထဲကို ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ပြီးနောက် မော်စကို အစိုးရက လက်တုံ့ပြန်မယ်လို့ ကြွေးကြော်လိုက်ပါတယ်။
အဲဒီလို တိုက်ခိုက်ဖို့ ဝါရှင်တန်က ယူကရိန်းကို ခွင့်ပြုခဲ့ပြီးနောက် တစ်ရက် အကြာမှာ ယူကရိန်းက ရုရှားနိုင်ငံထဲမှာရှိတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းတပ်တွေက Atacms တာဝေးပစ် ဒုံးကျည်တွေနဲ့ ရုရှား နယ်နိမိတ်ထဲကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် အရာရှိ တစ်ဦးက အတည်ပြုထားပါတယ်။
ယူကရိန်းနယ်စပ် မြောက်ဖက်ရှိ ဘာယန့်စ်ဒေသကို နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ရုရှားက ပြောဆိုပါတယ်။
ယူကရိန်းဘက်က ပစ်ခတ်လိုက်တဲ့ ဒုံးကျည် ငါးစင်းကို ကြားဖြတ် ပစ်ချနိုင်ခဲ့ပေမယ့် တစ်စင်း ထိမှန်မှုကြောင့် စစ်ဖက်ဆိုင်ရာ အဆောက်အဦ တစ်ခု မီးလောင်ပျက်စီးမှု ဖြစ်ပွားခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီး ဌာနက ပြောကြားထားပါတယ်။
ဒါပေမဲ့ ယူကရိန်းက ဒုံးကျည် ၈ စင်း ပစ်လွှတ်ခဲ့ပြီး နှစ်စင်းကို ရုရှားက ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း ကနဦးသတင်းတွေအရ သိရတယ်လို့ အမေရိကန် အရာရှိ နှစ်ဦးက ထုတ်ပြောထားပါတယ်။
ဒီလို ပြောဆိုချက်တွေ ကွဲလွဲနေတာနဲ့ ပတ်သက်လို့ အတည်ပြုလို့ မရသေးဘူးလို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။
ဝါရှင်တန်က စစ်ပွဲ အရှိန်မြင့်တက်လာအောင် လုပ်ဆောင်နေတယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့က စွပ်စွဲထားပါတယ်။
အမေရိကန်တွေသာ မပါဝင်ဘူးဆိုရင် ယူကရိန်းအနေနဲ့ အဲဒီလို အဆင့်မြင့် လက်နက်တွေ အသုံးပြုဖို့ မဖြစ်နိုင်ဘူးလို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အကြိမ်ကြိမ် ပြောကြားထားကြောင်း ဝန်ကြီး ဆာဂျီ လက်ဗရော့က ပြောပါတယ်။
အနောက်တိုင်းက ရုရှားကို အသစ်တဖန် စစ်ပွဲ ဆင်နွှဲမှုနဲ့ ရင်ဆိုင်နေရတာကြောင့် မိမိတို့ အနေနဲ့ သင့်တော်သလို လက်တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ ရီယိုဒီဂျနေရိုးမြို့မှာ ကျင်းပနေတဲ့ ဂျီ-၂၀ ညီလာခံမှာ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားပါတယ်။
မော်စကိုက သူတို့ရဲ့ နျူကလီးယားလက်နက် အသုံးပြုမှုဆိုင်ရာ သတ်မှတ်ချက်တွေကို နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ ပြောင်းလဲ လိုက်ပါတယ်။
နျူကလီးယားလက်နက် ပိုင်ဆိုင်မထားတဲ့ နိုင်ငံ တစ်နိုင်ငံက နျူကလီးယား လက်နက်ပိုင်ဆိုင်ထားတဲ့ နိုင်ငံ တစ်နိုင်ငံရဲ့ အကူအညီနဲ့ မိမိတို့ကို တိုက်ခိုက်လာရင် ရုရှားကို စုပေါင်း တိုက်ခိုက်မှုအဖြစ် မှတ်ယူမှာ ဖြစ်ကြောင်း မော်စကိုက ပြောင်းလဲ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
Ref:BBC