မော်လမြိုင် ၊ နိုဝင်ဘာ ၂၁
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းမှုအပေါ် လက်မခံဘဲ လမ်းပေါ်ထွက်ဆန္ဒဖော်ထုတ်ခဲ့ဖူးတဲ့ ဦး ဆောင်သူတချို့ကို အခုလအတွင်း စစ်ကောင်စီက နောက်ကြောင်းပြန်လှည့်ပြီး ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေအပါအဝင် စစ်ကောင်စီနဲ့နီးစပ်သူထံကနေ သိရပါတယ်။
သံလွင်တိုင်းမ်ရဲ့ စုံစမ်းမေးမြန်းမှုတွေအရ မြို့ပေါ်တွေမှာ ကျန်ရှိနေတဲ့ အရင်ဆန္ဒပြပွဲ ဦးဆောင်သူတွေဟာ တော်လှန်ရေးအဖွဲ့တွေထံ ငွေကြေးထောက်ပံ့တာနဲ့ သတင်းပေးဆောင်ရွက်မှု ရှိ မရှိ ဖမ်း ဆီးစစ်ဆေးဖို့ စစ်ကောင်စီက ညွှန်ကြားထားတာပါ။
အဲဒီလို ဖမ်းဆီးရာမှာ တော်လှန်ရေးအဖွဲ့တွေနဲ့ နီးစပ်နိုင်သူတွေ၊ ဆန္ဒပြပွဲ ဦးဆောင်ခဲ့သူတွေ၊ နိုင်ငံ ရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ဆန္ဒပြမှုကြောင့် ထောင်ကျပြီးမှ ထောင်ထဲကနေ ပြန်လည်လွတ် မြောက်လာသူတွေကိုလည်း ပစ်မှတ်ထားလာတာပါ။
အဲဒီထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့က အရင်ဆန္ဒပြပွဲ ဦးဆောင်ခဲ့တဲ့ မော်လမြိုင်မြို့ရှိ ၈၈ မျိုး ဆက်နိုင်ငံရေး သမားဟောင်း ဦးအောင်ခိုင်နဲ့ တက်ကြွလှုပ်ရှားသူ ဒေါက်တာအောင်ဖြိုးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေပြီး လူမသိသူမသိ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေလည်း ဒုနဲ့ဒေး ရှိနေပါတယ်။
အမည်မဖော်လိုတဲ့ မွန်ပြည်နယ်ဒေသခံတစ်ဦးက အရင်ဆန္ဒပြပွဲ ဦးဆောင်းသူတချို့ ဖမ်းဆီးမှုခံရတဲ့ ဖြစ်စဉ်တွေမှာ ပိုက်ဆံတတ်နိုင်သူတွေကိုတော့ ပြန်လွှတ်ပေးပြီး ပိုက်ဆံမတတ်နိုင်သူတွေကို နိုင်ငံရေးပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူတာတွေ ရှိနေတယ်လို့ ပြောပါတယ်။
“အခုရှင်းရှင်းပြောရင် ပိုက်ဆံနဲ့ညှိလို့ရတဲ့ဟာကျရင်တော့ ပိုက်ဆံ အများကြီးယူပြီးတော့ ပြန်လွှတ်တာတွေလည်း ရှိတယ်။ ဒါက အမိန့်တစ်ခုအပေါ်မှာ အခွင့်ကောင်းယူပြီးတော့ ဖမ်းပြီးလုပ်စားတာပေါ့နော်။ လုပ်စားတယ်ဆိုတာ ငွေကြေးမတတ်နိုင်တဲ့သူကျရင် ပုဒ်မတပ်ပြီး တရားစွဲလိုက်တယ်ပေါ့။ အလုပ်ပြလိုက်တာပေါ့။ ငွေကြေးတတ်နိုင်တဲ့သူ ကျတော့လည်း သူတို့ညှိပြီး ပြန်လွှတ်လိုက်တာပေါ့။ ဆန္ဒပြတိုင်းသာ ဖမ်းရမယ်ဆိုရင် တစ်မြို့လုံး အကုန်ဖမ်းရမှာပေါ့။ အရင်တုန်းက အားလုံးပြခဲ့တာပဲဟာ။ အခုက ပိုက်ဆံမပေးနိုင်တဲ့သူကျတော့ နိုင်ငံရေးပုဒ်မတပ်လိုက်တာ” လို့ ဆိုပါတယ်။
အခုလို ဆန္ဒဖော်ထုတ်ခဲ့ဖူးသူတွေကို စစ်ကောင်စီက နောက်ကြောင်းပြန်လှည့်ပြီး ဖမ်းဆီးနေတဲ့အတွက် ဒေသခံအားလုံးနီးပါး စိုးရိမ်နေကြရသလို စစ်ကောင်စီက ဆန္ဒဖော်ထုတ်ဖူးသူတွေကို ပြန်လည်ဖမ်းဆီး စစ်ဆေးခိုင်းတာဟာ လက်အောက်ခံတွေအတွက် ငွေရှာပေါက် ဖြစ်လာတယ်လို့ သူက ဝေဖန်ပါတယ်။
သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ ဆန္ဒပြပွဲ ပါဝင်သူတွေကို စစ်ကောင်စီဘက်က လိုက်လံဖမ်းဆီးနေတဲ့အတွက် ပြည်သူတွေအနေနဲ့ လိမ်မာပါးနပ်စွာ ရှောင်ရှားကြဖို့ တိုက်တွန်းတာပါ။
“ကျွန်တော်တို့ သိရသလောက် ဆန္ဒဖော်ထုတ်ဖူးတဲ့သူတွေကို ပြန်ဖမ်းဖို့အတွက် ညွှန်ကြားချက်တွေ ကျလာတာပေါ့နော်။ ပြန်ဖမ်းပြီးတော့ ထိန်းသိမ်းထားဖို့ လိုအပ်ရင်လိုအပ်သလို အမှုဖွင့်အရေး ယူ ဆောင်ရွက်ဖို့တွေ ညွှန်ကြားထားတယ်လို့ သိရတယ်။ အဲဒီဖမ်းဆီးနေတဲ့သူတွေကတော့ သိတဲ့အတိုင်း စစ်ကျွန်တွေပဲ။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ကတော့ လိမ်မာပါးနပ်စွာနဲ့ ရှောင်ဖို့ပဲ။ အဲဒါကတော့ ပိုအရေးကြီးတာပေါ့နော်” လို့ ဆိုပါတယ်။
ဒေသတွင်းမှာတော့ စစ်တပ်အာဏာသိမ်းမှုအပေါ် ဌာနဆိုင်ရာ ဝန်ထမ်းတွေအပါအဝင် သိန်းနဲ့ချီတဲ့ ပြည်သူလူထုတွေက လက်မခံကြောင်း လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့သလို အကြမ်းမဖက် အာ ဏာဖီဆန်ရေး လှုပ်ရှားမှုကို ဒီကနေ့အထိ ဆက်လက်ပါဝင်မှုတွေလည်း ရှိနေပါတယ်။
တဖက်မှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ခဲ့တဲ့ ဝန်ထမ်းတွေနဲ့ ပြည်သူတွေကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်တာ၊ မတရား ဖမ်းဆီးရိုက်နှက်နှိပ်စက်တာတွေအပြင် ပုဒ်မအမျိုးမျိုးတပ်ကာ ထောင်ဒဏ်ချမှတ်တာတွေ ပြုလုပ်ခဲ့တာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အစီရင်ခံစာအရ အာဏာသိမ်းသုံးနှစ်ကျော် ကာလအတွင်း နိုင်ငံတဝန်းမှာ ဖမ်းဆီးခံရသူ ၂၇,၀၀၀ ကျော် ရှိနေပြီး အဲဒီထဲမှာ ၂၀,၀၀၀ ကျော် ဆက်လက် ဖမ်းဆီးခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-TLT