နောင်ချို၊ နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာရှိ ဆင်းရွှေလီသကြားစက်ရုံ ဗုံးကြဲခံရတာကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး အဆောင်တချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
ဆမ္မဆယ်ကျေးရွာ အင်းဝိုင်းအမှတ် ၃ ရှိ ဆင်းရွှေလီသကြားစက်ရုံကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၈ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်မှာ ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး ဆင်းရွှေလီသကြားစက်ရုံ ဂိုဒေါင်မီးလောင်းသွားခဲ့သလို အဆောင်တချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း နောင်ချိုမြို့ လုံစံကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဆိုပါတယ်။
အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဟာ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မြို့ရွာတွေက အရပ်သား ပြည်သူတွေကို ဦးတည်ကာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း နောင်ချိုမြို့အတွင်း စစ်ကောင်စီတပ်က ပေါင် ၃၀၀ ဗုံး နှစ်လုံး လာရောက်ကြဲချခဲ့တာကြောင့် ဒေသခံ အမျိုးသား ၄ ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA