တနင်္သာရီ၊ နိုဝင်ဘာ ၂၁

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့အောက်တိုဘာလတစ်လအတွင်း စစ်ကောင်စီတပ်နဲ့ လက်ဝေခံအဖွဲ့တွေအပြင် လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၁၉ ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi က နိုဝင်ဘာ ၁၉ ရက်နေ့မှာ ထုတ် ပြန်ပါတယ်။

သေဆုံးခဲ့တဲ့ အရပ်သားပြည်သူတွေဟာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးချိန် ပစ်သတ်ခံရတာ၊ ဖမ်းဆီးသတ်ဖြတ်တာ၊ လက်နက်ကြီးနဲ့ ဒရုန်းဗုံးသီးချ တိုက်ခိုက်တာတွေကြောင့် သေဆုံးခဲ့ရတာပါ။

အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်နဲ့ လက်ဝေခံ ပြည်သူ့စစ်အဖွဲ့တွေရဲ့ လက်ချက်ကြောင့် အသက် ၆ နှစ်နဲ့ ၇ နှစ်အရွယ် ကလေးငယ်နှစ်ဦး အပါအဝင် အရပ်သား ၁၂ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အစီရင်ခံစာအရ လောင်းလုံးမြို့နယ်၊ ပုလောမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သား ၈ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို သတ်ဖြတ်ပြီးပါက အလောင်းဖျောက်ပစ်တာတွေကိုပါ လုပ်ဆောင်လာပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဒလန်ရှင်းလင်းရေးမှုကြောင့် ကော့သောင်းမြို့နယ် ၁၉ မိုင်ကျေး ရွာမှ ပျူစောထီးဦးနောင်နီနဲ့ ဦးဘဦးတို့ သေဆုံးခဲ့တဲ့အပြင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ကော်သူးလေတပ် KTLA ရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ် ။

တစ်ဖက်မှာလည်း အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ကျွန်းစုမြို့ နယ် ကျောက်ပိတ်ကျေးရွာမှ အုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ ဘုတ်ပြင်းမြို့နယ်မှ ရွှေဂဲညိုရွာသားတစ်ဦး သေဆုံးခဲ့ပါတယ်။

အောင်တိုဘာလအတွင်း စစ်ကောင်စီတပ်မှ အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးခဲ့တဲ့ အရပ်သားပြည်သူ ၂၀၈ ဦးထက်မနည်း ဖမ်းဆီးခံရပြီး အဲဒီထဲမှ ၁၄၇ ဦးသာ ပြန်လွှတ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ လက်ဝေခံအဖွဲ့တွေရဲ့ ဖမ်း ဆီးသတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၁၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.