မော်စကို၊ နိုဝင်ဘာ ၁၉
ယူကရိန်းက အမေရိကန် တာဝေးပစ် ဒုံးကျည်တွေ အသုံးပြုပြီး မိမိတို့ နယ်နိမိတ်ထဲကို တိုက်ခိုက်လာရင် သင့်တော်သလို ကျိန်းသေ လက်တုံ့ပြန်သွားမယ်လို့ ရုရှားက ပြောကြားလိုက်ပါတယ်။
ရုရှား နယ်မြေထဲကို အဲဒီလို တိုက်ခိုက်လာမယ်ဆိုရင် ရုရှားအပေါ် ရန်စ တိုက်ခိုက်မှုတွေမှာ အမေရိကန်နဲ့ သူ့ရဲ့ ဂြိုဟ်တုတွေ တိုက်ရိုက် ပါဝင်တာပဲ ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။
အိမ်ဖြူတော်က နောက်နှစ်လနေရင် ထွက်ခွာတော့မယ့် သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားနိုင်ငံထဲရှိ ပစ်မှတ်တွေကို တိုက်ခိုက်ရေး အမေရိကန် တာဝေးပစ်ဒုံးကျည်တွေ အသုံးမပြုရဆိုတဲ့ တားမြစ်ချက်ကို ပယ်ဖျက်လိုက်ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်အတွက် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရန့်နဲ့ တိုင်ပင်ခဲ့သလားနဲ့ သူ့ဆုံးဖြတ်ချက်အတိုင်း ဒေါ်နယ်ထရန့်က ဆက်လက်လိုက်နာမှာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ထရန့်က ယူကရိန်းစစ်ပွဲကို ၂၄ နာရီအတွင်း အဆုံးသတ်အောင် လုပ်နိုင်တယ်လို့ ကြွားဝါထားပါတယ်။
ယူကရိန်းမှာ မိုင် ၁၉၀ အထိ ပစ်ခတ် ရောက်ရှိနိုင်တဲ့ US ATACMS ဒုံးကျည်တွေအပြင် ပြင်သစ်နဲ့ ဗြိတိန်တို့က ထောက်ပံ့ပေးထားတဲ့ Storm Shadow တာဝေးပစ် ဒုံးကျည်တွေ ရှိပေမယ့် ရုရှားပိုင်နက်ထဲကို မတိုက်ခိုက်ရဘူးလို့ အနောက်တိုင်းက အရင်က တားမြစ်ထားခဲ့တာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၁၉ ရက်မှာ ရက်ပေါင်း ၁၀၀၀ ပြည်မြောက်တဲ့ ယူကရိန်း စစ်ပွဲအတွင်း ဘိုင်ဒန်ရဲ့ အခု ဆုံးဖြတ်ချက်ဟာ အမေရိကန်မူဝါဒရဲ့ ကြီးကြီးမားမား ပြောင်းလဲမှုကို ဖော်ပြနေတာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို ရုရှားက အပြည့်အဝ ကျူးကျော် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်မြေပြင်မှာ နှစ်ဖက် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေနဲ့ ကြုံနေချိန် ရုရှားက ယူကရိန်း အခြေခံ အဆောက်အဦတွေကို အရှိန်မြှင့် တိုက်ခိုက်နေပါတယ်။
ယူကရိန်း တပ်ဖွဲ့တွေက ရုရှား နယ်စပ်ရှိ ကာ့စ် ဒေသသို့ ဝင်ရောက်ပြီး နယ်မြေ အချို့ သိမ်းပိုက်ထားချိန် မြောက်ကိုရီးယားက ရုရှားကို ကူညီရေး တပ်ဖွဲ့ဝင် ထောင်ချီ စေလွှတ်ထားပါတယ်။
ဒီလို အချိန်မှာ ဘိုင်ဒန်က မူဝါဒ ကြီးကြီးမားမား ပြောင်းလဲပြီး ရုရှား ပိုင်နက်ထဲသို့ အမေရိကန် ဒုံးကျည်တွေ အသုံးပြု တိုက်ခိုက်နိုင်ကြောင်း ယူကရိန်းကို ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
သမ္မတ ဘိုင်ဒန်ရဲ့ အခုလို ဆုံးဖြတ်ချက်ကြောင့် တတိယကမ္ဘာစစ် ဖြစ်လာနိုင်တဲ့ အန္တရာယ် ပိုများလာတယ်လို့ ရုရှားက ပြောဆိုထားပါတယ်။ ဘိုင်ဒန်ရဲ့ အခု ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ မကြာခင် အမေရိကန် သမ္မတအဖြစ် တာဝန်ယူမယ့် ဒေါ်နယ် ထရန့်က မတုံ့ပြန်သေးပါဘူး။
Ref:BBC