လောင်းလုံး၊ နိုဝင်ဘာ ၁၉

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ရဲ့ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းမှာ ပါဝင်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရုံးစာရေးမတစ်ဦးနဲ့ ဆရာမရှစ်ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

သန်းခေါင်စာရင်းကောက်ယူမှုမှာ ပါဝင်တဲ့ လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စုက ဆရာမရှစ်ဦးနဲ့ ရုံးစာရေးမတစ်ဦးကို ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့မှာ လောင်းလုံးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် လောင်းလုံး PDF က ဖမ်းဆီးထားသူ ကိုးဦးကို လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို လွှဲပြောင်းပေးခဲ့ပြီး လောင်းလုံး ပအဖအဖွဲ့က နိုဝင်ဘာ ၁၇ ရက်နေ့မှာ ပြစ်ဒဏ်အသီးသီး ချမှတ်ပြီးနောက် ပြန်လွှတ်ပေးခဲ့တာပါ။

လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဖမ်းဆီးခဲ့တဲ့ ကိုးဦးအား စစ် ဆေးမေးမြန်းချက်တွေအရ ရှစ်ဦးဟာ ပြစ်မှုထင်ရှားတာကြောင့် ထောင်ဒဏ်အသီးသီးချမှတ်လိုက်ပြီး ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီထဲမှာ ၂ဦးကိုတော့ ထောင်ဒဏ်ခြောက်လစီနဲ့ ကျန်တဲ့ ၆ ဦးကို ထောင်ဒဏ်သုံးလစီ ချမှတ်ခဲ့ပေမယ့် ချုပ်ရက်ကိုသာကျခံစေပြီး ဒေသန္တရအခြေအနေကြောင့် ပြစ်ဒဏ်ကျခံစေဖို့ ခက်ခဲတဲ့အတွက် နောက်နောင် စစ်ကောင်စီရဲ့ ယန္တရားတွေမှာ မပါဝင်ဖို့ ခံဝန်ထိုးခိုင်းလိုက်တယ်လို့ ဆိုပါတယ်။

သူတို့ ကိုးဦးဟာ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးပြီး လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို လွှဲပြောင်းခဲ့ပေမယ့် တစ်လကျော် ရက်ပေါင်း ၄၂ ရက်ကြာမြင့်ပြီးမှ ပြန်လွှတ်လာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ရန်တောင်ကျေးရွာမှာ သန်းခေါင် စာရင်း ကောက်ယူဖို့အတွက် ပြင်ဆင်နေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ကျောင်းဆရာဆရာမရှစ်ဦး ဖမ်းဆီးထိန်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.