ဝါရှင်တန်၊ နိုဝင်ဘာ ၁၉
အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို အစုလိုက် အပြုံလိုက် နှင်ထုတ်ဖို့ စစ်တပ် အသုံးပြုမယ့် အစီအစဉ်နဲ့ပတ်သက်လို့ အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရန့်က သူ့ရဲ့ လူမှုမီဒီယာမှာ အတည်ပြု ဖော်ပြထားပါတယ်။
ထရန့်က နိုင်ငံတော် အရေးပေါ် အခြေအနေ တစ်ရပ် ကြေညာပြီး စစ်တပ် အသုံးပြုမှာဖြစ်တာကြောင့် ရွှေ့ပြောင်းနေထိုင်သူတွေ အစုလိုက် အပြုံလိုက် နှင်ထုတ်ခံရနိုင်တယ်လို့ ရှေးရိုးစွဲ သတင်းတင်ဆက်သူတွေက ပြောကြားပြီးနောက် ထရန့်က အဲဒီသတင်း မှန်ကန်ကြောင်း သူ့ရဲ့ ကိုယ်ပိုင် လူမှုမီဒီယာကတစ်ဆင့် အသိပေးခဲ့တာ ဖြစ်ပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေကို နှင်ထုတ်ဖို့ တာဝန်ရှိတဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန် အေဂျင်စီတို့ကို ကူညီပေးရေး အမျိုးသားအစောင့်တပ်ဖွဲ့ကို စုစည်းသွားမှာ ဖြစ်ကြောင်း ထရန့်က မဲဆွယ်ကာလအတွင်း အကြိမ်ကြိမ် ပြောကြားခဲ့ဖူးပါတယ်။
အမေရိကန် သမိုင်းမှာ အကြီးမားဆုံး အစုလိုက်အပြုံလိုက် နှင်ထုတ်မှုအတွက် သူ့ရဲ့ ကတိကို ထရန့်အနေနဲ့ ဘယ်လို တည်အောင် လုပ်ဆောင်မလဲဆိုတာနဲ့ ပတ်သက်လို့ မေးခွန်းတွေ ထွက်ပေါ်လာချိန်မှာ သူက အခုလိုမျိုး အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှာ စတင်မယ့် သူ့ရဲ့ သမ္မတသက်တမ်း ပထမဆုံးနေ့မှာပဲ ရွှေ့ပြောင်းနေထိုင်သူတွေကို စတင် နှင်ထုတ်သွားမှာ ဖြစ်တယ်လို့ ထရန့်က အကြိမ်ကြိမ် ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ အမေရိကန်အစိုးရအနေနဲ့ အဲဒီအစီအစဉ်တွေကို တရားဝင် စတင်နိုင်ခဲ့မယ်ဆိုရင်တောင် အရာရှိတွေအနေနဲ့ ပို့ဆောင်ရေးဆိုင်ရာ ဧရာမစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
အဲဒီအစီအစဉ်အတွက် တာဝန်ပေးထားတဲ့ ဝန်ထမ်း ၂၀၀၀၀ လောက်က ရွှေ့ပြောင်းနေထိုင်သူ သန်းပေါင်းများစွာကို ခြေရာခံ ရှာဖွေ ဖမ်းဆီးနိုင်မလားဆိုတာ တတ်သိနားလည်သူတွေက သံသယ ရှိနေကြ တာပါ။
ဒီလို လုပ်ဆောင်မယ်ဆိုရင် ငွေရေးကြေးရေးအရလည်း အများကြီး ကုန်ကျမှာ ဖြစ်ပေမယ့် ထရန့်က သူ့အစိုးရအနေနဲ့ ငွေကြေး အများကြီး ကုန်ကျမယ်ဆိုရင်လည်း အကောင်အထည် ဖော်သွားမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဒါပေမဲ့ သူက အဲဒီအစီအစဉ်နဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက် အနည်းငယ်လောက်ကိုပဲ ဖော်ပြထားတာ တွေ့ရပါတယ်။
အမေရိကန်မြေပေါ်မှာ တပ်ဖွဲ့ဝင်တွေ ချထားခွင့်ရရေး နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာဖို့ စီစဉ်ထားကြောင်း ထရန့်က အရင်ကတည်းက ပြောဆိုထားပြီး ဖြစ်ပါတယ်။
အရင်က ထရန့်ရဲ့ အစိုးရလက်ထက် လေးနှစ်တာအတွင်း နယ်စပ်ကရော အမေရိကန်နိုင်ငံတွင်းကပါ ရွှေ့ပြောင်းနေထိုင်သူ ၁ ဒသမ ၅ သန်း နှင်ထုတ်ခံခဲ့ရပါတယ်။
Ref:BBC