ရေဖြူ၊ နိုဝင်ဘာ ၁၉
တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် တပ်သား သစ် စုဆောင်းခံရတဲ့ တပ်သား ၆ ဦး အလင်းဝင်လာတယ်လို့ ဒေါနစစ်တပ်ရင်းထံက သိရပါတယ်။
ရေဖြူမြို့နယ်အခြေစိုက် အမှတ် ၂၇၃ ခြေမြန်တပ်ရင်းမှ တပ်သား ၅ ဦးနဲ့ ရေတပ်စခန်းမှာ တပ် သားတစ်ဦးဟာ ပြီးခဲ့တဲ့နိုဝင်ဘာ ဒုတိယအပတ်က တောင်ပိုင်းစစ်ဒေသခွဲ အမှတ် ၃ ဗျူဟာ (၃၃) ဒေါနစစ်တပ်ရင်းထံ ဆက်သွယ်အလင်းဝင်ခဲ့တာပါ။
အလင်းဝင်လာတဲ့ တပ်သားတွေဟာ ရေတပ်စခန်းမှ တပ်သားဝေဖြိုး၊ စစ်မှုထမ်းအပတ်စဉ် ၁ မှ တပ်သားရဲမင်းမောင်၊ တပ်သားသန်းတိုးအောင်၊ တပ်သားဖြူဖွေး၊ စစ်မှုထမ်းအပတ်စဉ် ၂ မှ တပ် သားဖြိုးမင်းအောင်နဲ့ တပ်သားကရင်လေးတို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၆ ဦးမှာ တစ်ဦးဟာ MA1 သေနတ်တစ်လက်ကျည်ဘောက်သုံးခုနဲ့ ကျည်တောင့် ၁၆၁ တောင့်ယူဆောင်လာပြီး ကျန်တဲ့ ၅ ဦးမှာတော့ လက်နက်ခဲယမ်း ယူဆောင်လာခြင်းမရှိပါဘူးလို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့သူတွေကို ဂုဏ်ပြုဆုငွေချီးမြှင့်နိုင်ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနထံ တင် ပြထားပြီး လက်ရှိအဆင်ပြေအောင် အသုံးစရိတ်တွေ စီစဉ်ပေးထားတယ်လို့ ဒေါနတပ်ရင်း တာ ဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့တစ်ပတ်အတွင်းကလည်း စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူတွေ အပါအဝင် ပြည်သူဘက်ရပ်တည်လိုတဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့နဲ့ ချိတ်ဆက်ကာ အလင်းဝင်နိုင်တယ်လို့ အသိပေးတိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ဇဝဲအခြေစိုက် အမှတ် ၅၅၆ ခြေမြန်တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ထံ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒေါနတပ်ရင်း