ရေး ၊ နိုဝင်ဘာ ၁၉

မြန်မာနိုင်ငံတောင်ပိုင်းဒေသမှာ ပဋိပက္ခဒဏ်ခံစားနေရသူ အရေအတွက် ငါးသိန်းနီးပါး ရှိလာတယ်လို့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်တဲ့ မွန်ပြည်လူသားချင်းစာနာမှုကွန်ယက်အဖွဲ့ MSHN ရဲ့ အစီ ရင်ခံစာက ဖော်ပြပါတယ်။

အစီရင်ခံစာမှာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက မြို့နယ် ၉ ခုမှာ အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ စစ်ရေးအခြေအနေကြောင့် ပြောင်းရွှေ့နေထိုင်မှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စတွေ ပါဝင်ပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေဟာ အမိုးအကာနဲ့ စားနပ်ရိက္ခာအတွက် အရေးပေါ်လိုအပ်နေသူ လူဦးရေအသစ် ၂၃,၁၀၀ ကျော် ရှိနေပြီး ပဋိပက္ခဒဏ်ခံနေရသူ ဦးရေ ၄၉၀,၅၀၀ ရှိတယ်လို့ မွန်ပြည် လူသားချင်းစာနာမှု ကွန်ယက်အဖွဲ့ ရဲ့ စာရင်းတွေက ခန့်မှန်းပါတယ်။

ဒေသအလိုက်ကြည့်မယ်ဆိုရင် မွန်ပြည်နယ်က ကျိုက်ထို၊ဘီးလင်း၊သထုံ၊ကျိုက်မရော၊သံဖြူဇရပ်နဲ့ ရေးမြို့ နယ်တို့ ပါဝင်ပြီး ကရင်ပြည်နယ်က ကြားအင်းဆိပ်ကြီးမြို့နယ်၊ တနင်္သာရီတိုင်းက ရေဖြူနဲ့ လောင်းလုံမြို့နယ်တို့ ဖြစ်ကြပါတယ်။

အောက်တိုဘာလအတွင်း မွန်နဲ့ကရင်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားမှု နည်းပေမယ့် တနင်္သာရီမှာတော့ စစ်ကောင်စီရဲ့ အဆက်မပြတ် ထိုးစစ်ဆင်မှုကြောင့် နှစ်ဘက်အဖွဲ့ကြား မကြာခဏတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေမှာ နေရပ်စွန့်ခွာသူတွေ ပိုမိုများပြားလာခဲ့ပြီး တစ်ဘက်မှာ စစ်ကောင်စီရဲ့ လုံခြုံရေးအကြောင်းပြ စစ်ဆေးမှုတွေ ပိတ်ဆို့မှုတွေ ပြုလုပ်နေတဲ့အတွက် လောင်းလုံမြို့နယ်မှာ ဒေသခံထောင်ချီပိတ်မိသူတွေလည်း ရှိနေတာပါ။

ဒါကြောင့် ကုလသမဂ္ဂအေဂျင်စီတွေနဲ့ အစိုးရအေဂျင်စီတွေအနေနဲ့ IDP တွေရဲ့ လူသားချင်းစာနာမှုလိုအပ်ချက်တွေအပေါ် လျင်မြန်စွာ တုံ့ပြန်ပြီး ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ်လုပ်ဆောင်ဖို့ MSHN က အကြုံပြုတိုက်တွန်းထားပါတယ်။

မွန်ပြည်လူသားချင်းစာနာမှုကွန်ယက်အဖွဲ့ MSHN ဟာ မြန်မာနိုင်ငံတောင်ပိုင်းနဲ့ မွန်ပြည်နယ်အ တွင်း လူထုအခြေပြု၊ရပ်ရွာအခြေပြုအဖွဲ့အစည်းတွေ၊ကယ်ဆယ်ရေးလုပ်သားတွေ လူ့အခွင့်အရေးကာကွယ်သူတွေနဲ့ ဖွဲ့စည်းထားပြီး လွတ်လပ်စွာ ရပ်တည်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.