ထားဝယ်၊ နိုဝင်ဘာ ၁၉

တနင်္သာရီတိုင်း ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်နဲ့ ဆင်ဆိပ်ရပ်ကွက်ကြားမှာ လမ်းကင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ၅ ဦး သေ ဆုံးခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မနေ့ နိုဝင်ဘာ ၁၈ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ သုံးဘီးယာဉ်အသုံးပြုပြီး လမ်းကင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးပြီး ထိခိုဏ်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီထံကနေ MA1 သေနတ် ၃ လက်၊ MA3 သေနတ် ၁ လက်၊ MA2 စက်ကလေး တစ်လက်၊ ကျည်ဘောက် ၁၅ ခုနဲ့ ဆက်စပ်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF ၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ အဲဒီတိုက်ခိုက်မှုအတွင်း သုံးဘီးယာဉ်မောင်းဖြစ်တဲ့ ထားဝယ်မြို့နေ ဦးစံမြလည်း ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်ကနေ ထားဝယ်မြို့နယ်နဲ့လောင်းလုံးမြို့နယ်အကြားမှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ဒေသခံပြည်သူတချို့ ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – YPPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.