ထားဝယ်၊ နိုဝင်ဘာ ၂၀
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်နဲ့ အိမ်ရှေ့ပြင်ရပ်ကွက်ကြားမှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၁၆ ဦးထက်မနည်း ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က သုံးဘီးယာဉ်နဲ့ လမ်းကင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ဒဏ်ရာရတဲ့တပ်ဖွဲ့ဝင် ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားပေမယ့် လက်နက်ခဲယမ်းတချို့ သိမ်းဆည်းခံလိုက်ရပါတယ်။
ပစ်ခတ်မှုပြီးနောက် အင်အား ၄၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ပစ်ခတ်ဖြစ်ပွားခဲ့တဲ့ ဆင်ဆိပ်ရပ်ကွက်က ဒေသခံ ၇ ဦးနဲ့ သဲစုပ်လှေက အလုပ်သမား ၉ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တာပါ။
ဖမ်းဆီးထားတဲ့ သဲစုပ်လှေ အလုပ်သမားတွေကိုတော့ စက်လှေအပေါ်မှာ ခြေချုပ်ထားပြီး အသက် ကြီးပိုင်း အမျိုးသားနှစ်ဦးကိုတော့ ရိုက်နှက်ဖမ်းဆီးသွားကာ ကျန်ဒေသခံတွေကိုတော့ စစ်ဆေးပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီတပ် ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အသက်ကြီးပိုင်း အမျိုးသားနှစ်ဦး လက်ရှိအ ချိန်အထိ ပြန်မလွှတ်လာသေးတဲ့အတွက် မိသားစုတွေက သူတို့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေတာပါ။
လက်ရှိမှာလည်း စစ်ကောင်စီတပ်ဟာ ထားဝယ်မြို့နဲ့လောင်းလုံးမြို့နယ်ကြားမှာ စစ်ကြောင်းထိုးထားတဲ့အတွက် ဒေသခံပြည်သူတွေတချို့ ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ