ကျိုက်ထို၊ နိုဝင်ဘာ ၂၀
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ကျေးရွာအနီး လမ်းပိုင်းတစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်နှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကျိုက်ထိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ရဲဘော်နှစ်ဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ မနက်ပိုင်းက အလုပ်ကိစ္စတစ်ခုအတွက် ခရီးသွားနေစဉ် စစ်ကောင်စီတပ်နဲ့တိုးပြီး ဖမ်းဆီးခံလိုက်ရတာပါ။
ဖမ်းဆီးခံလိုက်ရတဲ့ PDF ရဲဘော်တွေဟာ ရဲဘော်လင်းလင်းနဲ့ ရဲဘော်ကျော်ကြီးတို့ ဖြစ်ပြီး သူတို့နှစ်ဦးဟာ တပ်ဖွဲ့အတွက် အားကိုးရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ရဲဘော်နှစ်ဦး ဖမ်းဆီးခံရတာ မှန်ကန်ကြောင်းနဲ့ ဖြစ် စဉ်အသေးစိတ် စုံစမ်းနေတယ်လို့ ပြောပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ PDF ရဲဘော် နှစ်ဦးကို စစ်ကောင်စီက ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ ဌာနချုပ် စစ်ကြောရေးမှာ စစ်ဆေးမေးမြန်းနေပြီး အသတ်ခံရမှာကို တော်လှန်ရေးတပ်ဖွဲ့တွေက စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က ကျိုက်ထိုမြို့နယ် သုံးခွကျေးရွာရှိ PDF စစ်ဆေးရေးဂိတ်ထံ လမ်းမှားပြီး ဝင်လာတဲ့ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်က ဗိုလ်ဟိန်းဇေယျာဦးနဲ့ ဇနီးဖြစ်သူတို့ ဖမ်းဆီးခံခဲ့ရပါတယ်။
ဖမ်းဆီးထားတဲ့ စစ်ဗိုလ်လင်မယား နှစ်ဦးကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media