ဝါရှင်တန်၊ နိုဝင်ဘာ ၁၈

အမေရိကန် သမ္မတရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ အစိုးရအဖွဲ့ကို ဦးဆောင်ဖို့ အနှောင့်အယှက်ပေးမယ့် လူတွေကို ရွေးချယ်ထားတယ်လို့ နိုင်ငံ့ရဲ့ ရာထူး အမြင့်ဆုံး ရီပက်ဘလေကန် အောက်လွှတ်တော် ဥက္ကဌက ပြောကြားလိုက်ပါတယ်။

ထရန့် ရွေးချယ်ထားသူတွေဟာ ပိုနေမြဲ ကျားနေမြဲ အခြေအနေကို ပြောင်းလဲပစ်မယ့်သူတွေ ဖြစ်တယ်လို့ အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက် ဂျွန်ဆင်က နိုဝင်ဘာ ၁၇ ရက်က ထုတ်လွှင့်တဲ့ စီအန်အန် သတင်းဌာနရဲ့ State of the Union အစီအစဉ်မှာ ပြောကြားသွားတာပါ။

ထရန့်က သူ့ရဲ့ လာမယ့် အစိုးရအဖွဲ့သစ်မှာ ဦးဆောင်မယ့် လူတွေကို ရွေးချယ်နေဆဲ ဖြစ်ပြီး သက်ဆိုင်ရာ ရာထူးတွေနဲ့ ဆက်စပ်တဲ့ မူဝါဒပိုင်း အတွေ့အကြုံ ရှိသူတွေကို အမည်စာရင်း တင်းသွင်းဖို့ စီစဉ်ထားပုံ ရပါတယ်။

သူ့ရွေးချယ်ထားသူ တချို့ကြောင့် ဝါရှင်တန်မှာ စိုးရိမ် ထိတ်လန့်မှုတွေ ဖြစ်ပေါ်နေပြီး ပါတီနှစ်ရပ်လုံးက စိုးရိမ်နေကြပါတယ်။

ဒါပေမဲ့ အမည်စာရင်း တင်သွင်းခံရသူတွေအနေနဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်းနိုင်ဘူးဆိုရင် ဒုတိယအစီအစဉ် တစ်ရပ် ထားရှိထားပြီး ဖြစ်တယ်လို့ ထရန့်နဲ့ နီးစပ်သူတွေက ပြောကြားထားပါတယ်။

ကာကွယ်ရေးဝန်ကြီး အဖြစ် ထရန့် ရွေးချယ်ထားသူ ပိ ဟတ်ဆက်ဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စွပ်စွဲချက်တွေကို ငြင်းဆိုထားသူ ဖြစ်ပါတယ်။

အစိုးရအဖွဲ့မှာ ရှေ့နေချုပ် ဖြစ်လာနိုင်သူ မတ်ဂေးဇ်ဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံရဲ့ အဓိကနေရာကနေ ပါဝင်နေသူ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးအဖြစ် လျာထားသူ ရောဘက် အက်ဖ် ကနေဒီ ဂျူနီယာဟာ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ အပြစ်တင် ပြောဆိုမှုတွေကြောင့် စစ်ဆေးခံနေရသူ ဖြစ်ပါတယ်။

ထရန့်ကိုယ်တိုင်ဟာလည်း လိင်မှုကိစ္စအတွက် နှုတ်ပိတ်ခငွေ ပေးအပ်မှု အပါအဝင် စွဲချက်တွေ အများကြီးနဲ့ ရင်ဆိုင်နေရချိန်မှာ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ထရန့်ရဲ့သား ဒေါ်နယ်ထရန့် ဂျူနီယာက သူ့ ဖခင်ရဲ့ ရွေးချယ်မှုတွေကို ကာကွယ်ပြောဆိုပြီး မိမိတို့အနေနဲ့ ဘယ်သူက လူကောင်း၊ ဘယ်သူက လူဆိုးဆိုတာကို သိထားပြီး ဖြစ်တယ်လို့ Fox News သတင်းဌာနသို့ နိုဝင်ဘာ ၁၇ ရက်က ပြောဆိုထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.