ကွတ်ခိုင်၊ နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ သုံးဦး သေဆုံးပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
မနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်မှာ စစ်ကောင်စီလေတပ်မှ ကွတ်ခိုင်မြို့ကို ဂျက်ဖိုက်တာ တိုက်ခိုက်ရေးလေယာဉ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2024/11/0dc23a9e-d497-4e60-88e6-e079359e712c-1024x768.jpg?resize=640%2C480&ssl=1)
အလားတူ နိုဝင်ဘာ ၁၇ ရက်နေ့ကလည်း မိုင်းငေါ့မြို့နဲ့ နောင်ချိုမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုနဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2024/11/2be374d5-052d-4978-b33d-845429574916.jpg?resize=640%2C480&ssl=1)
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား ခုနှစ်ဦးနဲ့ အမျိုးသမီး ခြောက်ဦး ဗုံးထိမှန်ဒဏ်ရာရရှိကာ နေအိမ် ရှစ်လုံး ပျက်စီးခဲ့တယ်လို့ TNLA က ဆိုပါတယ်။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2024/11/800eb09f-17e4-4eef-8cab-68db933662af.jpg?resize=640%2C480&ssl=1)
စစ်ကောင်စီတပ်ရဲ့ နေ့စဉ်ရက်ဆက် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုဟာ အရပ်သားပြည်သူတွေကို ဦးတည်ကာ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လူထိခိုက်သေဆုံးမှု ရှိတဲ့အပြင် ပြည်သူပိုင် နေအိမ်တွေလည်း ထိခိုက် ပျက်စီးဆုံးရှုံးနေတာပါ။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2024/11/e912d59f-339e-42b0-998a-67e65e383121.jpg?resize=640%2C480&ssl=1)
ဒါကြောင့် အရပ်သား ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိဖို့ လိုအပ်သလို လူစုလူဝေး မပြုလုပ်ကြဖို့ လေကြောင်းရန်ကာကွယ်မှုဆိုင်ရာ သတိပေးထုတ်ပြန်ချက်တွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ကလည်း နောင်ချိုမြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသား လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA