သာယာဝတီ၊ နိုဝင်ဘာ ၁၆
ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို ထောင်အာဏာပိုင်တွေက အကြောင်းမဲ့ရိုက်နှက် တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေအကျဉ်းသားများကွန် ရက် (PPNM) ထံက သိရပါတယ်။
သာယာဝတီထောင်မှာ ပြီးခဲ့တဲ့အောက်တိုဘာလကုန်က မိသားစုဝင်တွေပေးပို့တဲ့ ပါဆယ်စာအုပ်ထဲမှာ ဖုန်းဆင်းကတ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသား ကိုထွဋ်ပိုင်မှူးနဲ့ ကိုပြည့် စုံအောင်တို့နှစ်ဦးကို နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး ထောင်အာဏာပိုင်တွေက ရိုက်နှက်တိုက်ပိတ်ထားခဲ့တာလို့ ဆိုပါတယ်။
ကိုထွဋ်ပိုင်မှူးနဲ့ ကိုပြည့်စုံအောင်တို့ဟာ အကျဉ်းထောင်တွင်း အဖိနှိပ်ခံအကျဉ်းသားအရေး ဆောင် ရွက်တာနဲ့ ထောင်အာဏာပိုင်တွေရဲ့ ဥပဒေမဲ့ လုပ်ဆောင်ချက်တွေကို ဝေဖန်ထောက်ပြလေ့ရှိတဲ့အတွက် ထောင်အာဏာပိုင်တွေက အခုလိုရိုက်နှက် တိုက်ပိတ်ထားတဲ့အပြင် ခြေကျင်းပါခတ်ထားတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံလုံးဆိုရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ထောင်အဝင်အဝမှာတင် ပါဆယ်တွေ ဆေးဝါးတွေ စာအုပ်တွေကို ဝန်ထမ်းတွေက စနစ်တကျ စစ်ဆေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တချို့ပစ္စည်းတွေတောင် ကန့်သတ်ပိတ်ပင်တာမျိုး လုပ်နေတဲ့အချိန်မျိုးမှာ အခုလိုစာအုပ်ထဲမှာ ဖုန်းဆင်းကတ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်ဟာ လုံးဝအ ဓိပ္ပါယ်မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
လက်ရှိ သာယာဝတီထောင်မှ ထောင်အာဏာပိုင် ရဲရင့်နိုင်ဟာ စစ်ကောင်စီအလိုကျ နိုင်ငံရေးအ ကျဉ်းသားအကျဉ်းသူတွေကို ဖိနှိပ်တဲ့အချိန်တိုင်း စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေကပါ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ ချိုးဖောက်မှုတွေကို သတင်းဖုံးပေးနေတယ်လို့ PPNM က ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းမှာ အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်ဖိနှိပ်မှုတွေကို ကြုံတွေ့နေရပြီး အသက်သေဆုံးမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ အခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ ၁ ရက်နေ့အထိ အကျဉ်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောင်စွာမရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသူ အ ကျဉ်းသား အနည်းဆုံး ၁၈ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PPNM