မော်လမြိုင် ၊ နိုဝင်ဘာ ၁၇

မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်တွေက ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၇ အတွက် လူသစ် စုဆောင်းမှုတွေ ပြုလုပ်နေတယ်လို့ ဒေ သခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းသင်တန်း အပတ်စဉ် ၇ အတွက် သင်တန်းပေးဖို့ ရပ်ကွက်အတွင်းက လူငယ်တွေကို အကြောင်းအမျိုးမျိုးပြ စည်းရုံးတာတွေ ပြုလုပ်နေသလို လူငယ်တချို့ကိုတော့ ဆင့်ခေါ်ဖို့ အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရေးမှာ ရှုံးနိမ့်ပြီး အကျအဆုံးများကာ မြို့တွေ သိမ်း ပိုက်ခံနေရချိန် စစ်ကောင်စီက မွန်ပြည်နယ်အတွင်းမှာ လတိုင်းနီးပါး စစ်မှုထမ်းသင်တန်းတွေကို ဆက်တိုက်ပေးနေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၇ အတွက် ဒေသတွင်းရှိ လူငယ်တွေကို မက်လုံးပေးပြီး စုဆောင်းတာတွေရှိသလို ပွဲလမ်းသဘင်တွေကနေ ခေါ်ဆောင်တာတွေ ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အပတ်စဉ် ၇ က စ စုနေတာပေါ့။ ခေါ်တာကတော့ အခုရပ်ကွက်မှာကျတော့ ရာအိမ်မှူးနဲ့ သူတို့စုထားတဲ့ဆီမှာ တချို့ မြို့မှာကျန်နေတဲ့ ပြည်သူ့စစ်တွေကနေပြီးတော့ ဖုန်းတစ်လုံးရမယ်။ နောက်တာဝန်ထမ်းဆောင်ရင်းနဲ့ ဘယ်လောက်ရလို့ရှိရင် အချိန်ဘယ်လောက်ရှိရင် သူတို့စီမံကိန်းနဲ့ချပေးတဲ့ မြေကွက်တွေကို ပေးမယ်ဆိုပြီး မက်လုံးပေးနေတာပေါ့။ နောက်တစ်ခုက အခုပွဲတွေလုပ်တော့ တအားညဉ့်နက်ပြီးပြန်တဲ့ လူငယ်ပိုင်းတွေ တချို့တချို့ကို ခေါ်သွားတာတွေ ရှိတာပေါ့။ ဒါပေမယ့် ဘယ်သူဘယ်ဝါပါတယ်ဆိုတာ စုံစမ်းလို့ မရသေးဘူး ဖြစ်နေတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းပေးပြီးနောက် ရှေ့တန်းကို စေလွှတ်တဲ့အ တွက် ဒေသတွင်းက လူငယ်အများစုဟာ စစ်မှုထမ်းမထမ်းလိုတာကြောင့် တဖက်နိုင်ငံတွေကို သွား လာမှုများလာသလို တချို့လူငယ်တွေကတော့ ငွေကြေးအများအပြားပေးပြီး နေထိုင်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

နောက်ထပ်ဒေသခံတစ်ဦးကလည်း လက်ရှိစစ်ကောင်စီက စစ်မှုထမ်းသင်တန်းတွေ ပေးနေတာဟာ သူတို့ရဲ့ အကျိုးစီးပွား အာဏာတည်တံ့ဖို့အတွက် ပြည်သူတွေကိုချနင်းနေတာဖြစ်သလို ပြည်သူတွေကို အဆုံးထိထိုးချွေးဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“စစ်ကောင်စီက သူတို့ရဲ့ ရေရှည်အကျိုးစီးပွား ဒီအာဏာရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သူတို့က ပြည်သူကို ချနင်းနေတာပါ။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စကားပုံလိုပါပဲ။ သူတို့ကတော့ အဆုံးထိလုပ်သွားမယ်။ အဆုံးထိ နောက်ဆုံးအထိ ပြည်သူကို ချနင်းသွားမယ်။ ထိုးကျွေးသွားမယ်။ သူတို့ရဲ့ စိတ်ထဲမှာ ဒီလိုပဲရှိပါတယ်။ နောက်ထပ်လည်း သူတို့က စစ်မှုထမ်းအပတ်စဉ်တွေ ထပ်ပြီးတော့ခေါ်နေဦးမှာပဲ။ ထပ်ပြီးတော့ လုပ်နေဦးမှာပဲ။ ထပ်ပြီးတော့ သင်တန်းတွေ ပေးနေအုံးမှာပဲ၊ ပို့ချနေအုံးမှာပဲ”လို့ ဆိုပါတယ်။

လက်ရှိအချိန် ဒေသတွင်းမှာ စစ်မှုထမ်းသင်တန်းအတွက် အငှားလိုက်သူ နည်းပါးလာတာကြောင့် မက်လုံးအမျိုးမျိုးပေးပြီး ခေါ်ဆောင်နေသလို အငှားလိုက်သူတွေကိုတော့ အရင်ကတစ်ဦးကို ကျပ်သိန်း ၃၀ သာ ပေးဆောင်ခဲ့ရပေမယ့် လက်ရှိ သိန်း ၅၀ ကနေ သိန်း ၆၀ ဝန်းကျင်ထိ ပေးဆောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ဒေသတွင်းရှိ လူငယ်လူရွယ် အများစုဟာ တဖက်နိုင်ငံတွေဆီ အလုံးအရင်းနဲ့ တရားဝင်ရော တရားမဝင်ပါ ထွက်ခွာနေကြပြီး တချို့ ဖမ်း ဆီးခံရတာကနေ ပြန်လည်ပို့ဆောင်ခံရပြီးနောက် စစ်မှုထမ်းနေရတာတွေ ရှိတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကောင်စီက သင်တန်း ပေးနေတဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ ၆ အထိ တပ်သားအဖြစ် စုဆောင်းခံရသူပေါင်း ၁၂၀၀ ထက်မနည်း ရှိလာပြီဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ တပ်သားသစ်အဖြစ် စုဆောင်းခံရသူတွေကိုတော့ သံဖြူဇရပ်မြို့နယ် ဝဲကလိကျေး ရွာအခြေစိုက် အမှတ် ၄ တပ်မတော် တန်းမြင့်သင်တန်းကျောင်းနဲ့ သထုံမြို့နယ်အခြေစိုက် အမှတ် ၉ စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းတွေမှာ သင်တန်းပေးနေတာပဲ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.