မော်လမြိုင်၊ နိုဝင်ဘာလ ၁၇
မွန်ပြည်နယ် ရေးမြို့နယ်နဲ့ တနင်္သာရီတိုင်းအတွင်းက မြို့နယ်တွေမှာ နယ်ခြားစောင့်တပ်ဖွဲ့ BGF(KA) အဖွဲ့တွေက စစ်ကောင်စီနဲ့ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားနေတယ်လို့ ဒေါနစစ်ကြောင်းတာဝန်ခံ စောဒါးကိုက ပြောပါတယ်။
ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာဖြစ်ခဲ့တဲ့ ရေးမြို့နယ်က တိုက်ပွဲတွေအတွင်း အဲဒီ BGF တပ်တွေဟာ စစ်ကောင်စီနဲ့ပေါင်းပြီး တော်လှန်ရေးအဖွဲ့တွေကို တိုက်ခိုက်မှုတွေရှိခဲ့တဲ့အပြင် အဲဒီအဖွဲ့တွေနဲ့ပတ် သက်တဲ့ စာရွက်စာတမ်းနဲ့ သက်သေအထောက်အထားတွေလည်း ရရှိထားတယ်လို့ ဆိုပါတယ်။
နယ်ခြားစောင့်တပ်အားလုံး ပြောင်းလဲသွားခြင်းမျိုးမဟုတ်ဘဲ KA ဆိုတဲ့ နာမည်နဲ့ ဘက်တံဆိပ်ပြောင်းလဲကာ စစ်ကောင်စီနဲ့ ပူးပေါင်းလှုပ်ရှားနေတယ်လို့ ဒေါနစစ်ကြောင်း တာဝန်ခံ စောဒါးကိုက ပြောပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ ဘယ်အဖွဲ့ကိုမဆို စစ်ကောင်စီဘက်တော်သားတွေအဖြစ် သတ်မှတ် ချေမှုန်းတိုက်ခိုက်သွားမှာလို့ ဆိုပါတယ်။
ဒါ့အပြင် ရေဖြူမြို့နယ်ထဲမှာလည်း BGF တွေက စစ်ကောင်စီစစ်ကြောင်းတွေနဲ့အတူ စစ်ရေးလှုပ် ရှားတာ၊ ဂိတ်စခန်းထိုင်တာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် စောချစ်သူရဲ့ BGF အဖွဲ့ဝင်တွေ တနင်္သာရီတိုင်းအတွင်း ရောက်ရှိနေကြောင်း သတင်းတွေကို KNU တပ်မဟာ ၄ တပ်ရင်းတာဝန်ရှိသူတွေနဲ့ BGF တပ်နယ် ၂ ဗျူဟာမှူး၊ ဗိုလ်မှူးကြီး စောတင်ဝင်းကလည်း ဒေသတွင်း သတင်းဌာနတွေကို ဖြေဆိုပြီး ငြင်းဆိုထားကြပါတယ်။
လွန်ခဲ့သည့် ၂ လခန့်တည်းက တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ မောင်မယ်ရှောင်စစ်ဆေးရေးဂိတ်နဲ့ ပုလောဘက်ကို ဝင်ရောက်တဲ့စစ်ကြောင်းတွေမှာ BGF တပ်ဖွဲ့များ ပါဝင်နေတယ်လို့ သိရပါတယ်။
BGF ဘက်တံဆိပ်ပါ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ဟာ ရေဖြူမြို့နယ် အမှတ် ၈ ပြည်ထောင်စုကားလမ်းနဲ့ ရေနက်ဆိပ်ကမ်းတွေမှာ သွားလာလှုပ်ရှားနေမှုတွေရှိနေတဲ့အကြောင်း မြေပြင်စစ်ကြောင်းသတင်းပေးပို့ချက်နဲ့ ဒေသခံတွေ ပြောဆိုချက်များအရ သိရပါတယ်။
စစ်ကောင်စီတပ်က အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို လက်လွတ်ဆုံးရှုံးထားရတာကြောင့် အဲ ဒီနယ်မြေတွေကို ပြန်လည်ထိန်းချုပ်စိုးမိုးဖို့ ကြည်း၊ ရေ၊ လေ၊ ဒရုန်းတွေနဲ့ ပြန်လည်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ