မြိတ်၊ နိုဝင်ဘာ ၁၆
တနင်္သာရီတိုင်း မြိတ်မြို့နယ် တုံးဗျောကျေးရွာအုပ်စုမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ မနက်အစောပိုင်းက တုံးဗျောကျေးရွာရှိ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲခဲ့တာပါ။
မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦး အခင်းဖြစ်ရာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦးကတော့ ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။
ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားကို အဲဒီနေ့မှာပဲ မြိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသထားပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ မြိတ်မြို့နယ်အတွင်းက ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်သားတွေ သွားလာလှုပ်ရှား နေတာဖြစ်ပြီး လမ်းဘေးမှာ မြေမြှုပ်မိုင်းထောင်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း နှစ်ဖက်စစ်ရေး တင်းမာနေတဲ့ မြိတ်ခရိုင်အတွင်းက မြို့နယ်တွေရှိ ပြည်ထောင်စု လမ်းမကြီးပေါ်မှာ ညပိုင်းခရီးမသွားကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကလည်း ပုလောမြို့နယ် ပလမြို့မှာ စပါးရိတ်ဖို့သွားတဲ့ ဒေသခံ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့် ခြေထောက်ပြတ်တောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ