ဘားအံ၊ နိုဝင်ဘာလ ၁၆
ကရင်ပြည်နယ် ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာရှိ မွေးမြူရေးဇုန်အတွင်းမှာ နိုဝင်ဘာ ၁၅ ရက် ညပိုင်းမှာ မီးပုံးပျံ နေအိမ်ပေါ်ကျလို့ နေအိမ် ၂ လုံးနဲ့ဂိုဒေါင် ၁ လုံးအပါအဝင် ကား ၁ စီးပါ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေ့ ည ၈ နာရီကျော်ခန့်မှာ ဘယ်က လွှတ်တင်လိုက်မှန်းမသိတဲ့ မီးပုံပျံတစ်လုံးဟာ မွေးမြုရေးဇုံအတွင်းက သွပ်မိုးပျဉ်ကာ နေအိမ်ပေါ်ကိုကျပြီး မီးစွဲလောင်ခဲ့တာလို့ ဆိုပါတယ်။
“အိမ်မှာတော့ မိသားစုတွေရှိတယ်။ မီးပုံးက အိမ်ခေါင်မိုးပေါ်ကျလာတာဆိုတော့ ပထမ သတိမထားမိကြဘူး။ နောက်မှ မီးများလာမှသိတော့ လူတွေပဲ အလွတ်ပြေးကြရတာ” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
မီးလောင်လို့ သွပ်မိုးပျဉ်ကာ နေအိမ် ၂ လုံး၊ ဂိုဒေါင် ၁ လုံးနဲ့ ပရိုဘောက်ယာဉ်တစ်စီး မီးလောင်ပျက်စီးခဲ့သလို အိမ်တွင်းပစ္စည်းတွေလည်းမီးလောင်ခဲ့တယ်လို့ သိရပါတယ်။
မီးလောင်တဲ့နေရာကို ဘားအံမြို့နယ် မီးသတ်အဖွဲ့၊ လူမှုကူညီရေးအဖွဲ့တွေနဲ့ဒေသခံတွေက ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့တာကြောင့် မီးလောင်ပြီးတစ်နာရီကျော်အကြာမှာ မီးငြိမ်းသွားခဲ့ပါတယ်။
အဲဒီ ည ၇ နာရီအချိန်ခန့်မှာ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ Inle Princess. Hotel ပေါ်ကို မီးပုံပျံတစ်လုံးပြုတ်ကျခဲ့ရာမှ ဟိုတယ်တစ်ခုလုံး မီးလောင်ကျွမ်းကာ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒေသခံ လူမှုကူညီရေးအဖွဲ့